“အများပိုင်ကုမ္ပဏီတစ်ခုက EV Taxi များပြေးဆွဲရန်စီစဉ်”

(စီးပွားရေး) ဒီဇင်ဘာ ၁၃

အများပိုင်သယ်ယူပို့ဆောင်ရေးကုမ္ပဏီ E-Choice Taxi Co.,Ltd က ရန်ကုန်မြို့မှာ EV Taxi တွေ ပြေးဆွဲနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

EV Taxi ယာဉ်တွေနဲ့ ပြေးဆွဲဖို့အတွက် ရှေ့ပြေးစီမံကိန်းအနေနဲ့ ကားအစီးရေ ၁၀၀ နဲ့ ပြေးဆွဲပေးမှာဖြစ်ပြီး လက်ရှိမှာ ၁၈ စီးလောက် ရောက်ရှိနေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ နိုင်ငံခြားက ရောက်ရှိလာတဲ့ EV ယာဉ် တွေကို ကညနမှတ်ပုံတင်တာနဲ့ ပြေးဆွဲခွင့် လုပ်ငန်းလိုင်စင်လျှောက်ထားတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အဲဒီလို လုပ်ဆောင်ပြီးရင်တော့ ဒီဇင်ဘာလ နောက်ဆုံးပတ် ဒါမှမဟုတ် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ပထမပတ်ထဲမှာ စတင်ပြေးဆွဲဖို့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ E-Choice Taxi Co.,Ltd ကနေ သိရပါတယ်။

EV Taxi ယာဉ်စီးခနှုန်းထားတွေကို ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်ကြီးကြပ်ရေးဌာနရဲ့ သတ်မှတ် လမ်းညွှန်တဲ့ ဈေးနှုန်းတွေအတိုင်း ပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။

အခုလက်ရှိမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ရန်ကုန်မြို့တွင်းကို Grab အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီက EV Taxi တွေနဲ့ ပြေးဆွဲ ပေးနေတာ ရှိသလို နေပြည်တော်နဲ့ မန္တလေးမှာEV Taxi တွေ ပြေးဆွဲပေးနေတာ ရှိပါတယ်။