(ပြည်တွင်း) ဒီဇင်ဘာ ၁၃
ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ကာ ထိခိုက်ပျက်စီးသွားခဲ့တဲ့ ကင်းသာရေထိန်းတမံပြုပြင်မှုမှာ ၁၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပြီး သတ်မှတ်ကာလအတွင်း လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးအောင် စီမံဆောင်ရွက်သွားမည်ဟု သိရသည်။
နေပြည်တော် တပ်ကုန်းမြို့နယ် ရေဝေချောင်း (ပိတောက်ချောင်း)နှင့် ကျောက်ဆည်ချောင်း (ငါးရံ့ချောင်း)တို့အပေါ်တွင် တည်ဆောက်ထားသော ကင်းသာရေထိန်းတမံမှာ စက်တင်ဘာလကတိုက်ခတ်ခဲ့သည့် ရာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး တမံ၏တစ်စိတ်တစ်ပိုင်း ကျိုးကျပျက်စီးခဲ့သည့်အတွက် နေပြည်တော်မှ မြို့နယ် ၆ မြို့နယ်မှာ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည်။
ကျိုးကျပျက်စီးခဲ့သည့် အဆိုပါ ကင်းသာရေလှောင်တမံပြန်လည်ပြုပြင်နေသည့်အခြေအနေကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများမှ ဒီဇင်ဘာ ၁၂ နံနက်ပိုင်းက သွားရောက်ကြည့်ရှု့ခဲကြကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးမှ ပြုပြင်ဆောင်ရွက်နေမှုလုပ်ငန်းအလိုက်ကြည့်ရှုစစ်ဆေးပြီး တမံရေဝပ်ဧရိယာရှိ သဲနုန်းများဖယ်ရှားရှင်းလင်း၍ မူလရေလှောင်ပမာဏပြည့်သိုလှောင်နိုင်ရေး၊ ရေတားတမံရေဝင်လမ်းကြောင်းပေါ်တွင် နုန်းတားတမံတည်ဆောက်ရေးနှင့် ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် တမံမျက်နှာပြင် ထပ်မံထိခိုက်မှုမရှိစေရေး စီမံဆောင်ရွက်ရမည့်လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်ဟု သိရသည်။
#PAN