(နိုင်ငံတကာ) ဒီဇင်ဘာ ၁၀
ရုရှားနိုင်ငံ၌ တည်ဆောက်သည့် ဘက်စုံသုံး ပဲ့ထိန်းဒုံးကျည်တင် အသံတိတ် ဖရီးဂိတ်စစ်ရေယာဉ်အသစ်ကို ဒီဇင်ဘာလ ၉ ရက်တွင် အိန္ဒိယရေတပ်က တပ်တော်သွင်းကြောင်း သိရသည်။
အဆိုပါတပ်တော်သွင်း အခမ်းအနား ကို ကာလီနင်ဂရက်၌ ကျင်းပခြင်းဖြစ်ပြီး အိန္ဒိယကာကွယ်ရေးဝန်ကြီးက ဦးဆောင်ကာ အိန္ဒိယရေတပ်ဦးစီးချုပ်နှင့် ရုရှားရေတပ်ဦးစီးချုပ်တို့ တက်ရောက်သည်။
INS Tushil ဟု အမည်ပေးထားသည့် အဆိုပါ စစ်ရေယာဉ်သည် Krivak III အမျိုးအစား ဖရီးဂိတ်စစ်ရေယာဉ်ကို အဆင့်မြှင့်တင်ထားခြင်း ဖြစ်သည်။ “ကာကွယ်ပေးသည့်ဒိုင်းကာ” ဟု အဓိပ္ပါယ်ရသော ထိုကဲ့သို့စစ်ရေယာဉ်မျိုး ခြောက်စင်း က အိန္ဒိယရေတပ်တွင် တာဝန်ထမ်းဆောင်လျက် ရှိသည်။
ယခုစစ်ရေယာဉ်သည် Project 1135.6 အရ ထုတ်လုပ်လိုက်သော အိန္ဒိယရေတပ်အတွက် သတ္တမမြောက် စစ်ရေယာဉ်ဖြစ်ပြီး အမြင့်မားဆုံးသော စွမ်းဆောင်ရည်နှင့်အတူ အိန္ဒိယအနေဖြင့် ရုရှားနိုင်ငံ၏ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း၌ ထားရှိသောယုံကြည်မှုကို ထင်ဟပ်ပြသနေသည်။
အိန္ဒိယရေတပ်၏အနောက်ပိုင်း စစ်ရေယာဉ်စုတွင် တာဝန်ထမ်းဆောင်သွားမည့် INS Tushil သည် အလျား ၁၂၅ မီတာနှင့်တန်ချိန် ၃,၉၀၀ ရှိသည်။ ယခုထုတ်လုပ်လိုက်သော စစ်ရေယာဉ်သည် အိန္ဒိယနှင့်ရုရှားတို့၏ နောက်ဆုံးပေါ် နည်းပညာများကို ပေါင်းစပ်ထား သော စံပြစစ်ရေယာဉ် တစ်စင်းဖြစ်သည်ဟု အိန္ဒိယတပ်မတော်က ထုတ်ပြန်ထားသည်ဟု RT သတင်းဌာနတွင် ဖော်ပြထားသည်။
Telegram»…
https://t.me/positiveanglenews