(ပြည်တွင်း) ဒီဇင်ဘာ ၅
ပြည်ထောင်စုရာထူးဝန်အဖွဲဥက္ကဋ္ဌ ဦးအောင်သော် (မြန်မာ–ရုရှားချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ)သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban KARA- OOL ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယမန်နေ့မွန်းလွဲ ၃ နာရီ မိနစ် ၂၀ တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံစဉ် လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား ရှေ့ဆက်လက်ဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အလားအလာကောင်းများ၊ မြန်မာနိုင်ငံတွင်ကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရုရှားနိုင်ငံမှ နိုင်ငံတကာလေ့လာသူအဖြစ် ပါဝင်အကူအညီပေးရေး၊ ရွေးကောက်ပွဲကျင်းပရန်အတွက် နိုင်ငံတကာမှ ကျင့်သုံးလျက်ရှိသည့် အလေ့အကျင့်များကို မျှဝေကူညီဆောင်ရွက်သွားမည့်အစီအစဉ်များတွင် ရုရှားဘာသာစကားပြန်များ ကူညီပံ့ပိုးပေးရန်နှင့် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ အပြန်အလှန်အကူအညီပေးရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးကျော်မျိုးထွဋ်နှင့် တာဝန်ရှိသူများ၊ မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Iskander AZIZOVနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အလားတူ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ဟနွိင်းမြို့ အခြေစိုက်၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ် သံအမတ်ကြီး H.E. Mr. Uladzimir Baravikou ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြကြောင်း သိရသည်။
ဦးစွာအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်နှင့် သံအမတ်ကြီးတို့သည် မြန်မာ-ဘယ်လာရုစ် သံတမန်ဆက်ဆံရေး စတင်တည်ထောင်မှု (၂၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကံ့ကော်ပင်ကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ ရုံးအမှတ်(၁၇) ပရဝဏ်အတွင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ထို့နောက် နှစ်ဖက်တွေ့ဆုံ၍ မြန်မာ-ဘယ်လာရုစ် သံတမန်ဆက်ဆံရေး စတင်တည်ထောင်မှု (၂၅) နှစ်ပြည့် အထိမ်းအမှတ်ကျင်းပသွားနိုင်ရေး၊ နှစ်နိုင်ငံအဆင့်မြင့်ကိုယ်စားလှယ်များအကြား ခရီးစဉ်များစီစဉ်ကာ နှစ်နိုင်ငံဆက်ဆံရေးပိုမိုတိုးမြှင့်နိုင်ရေး၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ပညာရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုပြုလုပ်သွားနိုင်ရေး၊ မြန်မာ-ဘယ်လာရုစ် ချစ်ကြည်ရေး မြှင့်တင်ဆောင်ရွက်ရေး စသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးကျော်မျိုးထွဋ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံအမတ်ကြီးနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews