ရွှေပိတောက်ငါးဈေးကြီးမှ ရေထွက်ကုန်များ ပြည်ပဈေး‌‌ကွက်သို့ နေ့စဉ်တင်ပို့လျက်ရှိ


(ပြည်တွင်း) ဒီဇင်ဘာ ၃

ရန်ကုန်မြို့မှာ ရေထွက်ကုန်များ အဓိကဖြန့်ဖြူးရာ ရွှေပိတောက်ငါးဈေးကြီးမှ ပြည်ပဈေးကွက်သို့ ရေထွက် ပစ္စည်းများ နေ့စဉ်တင်ပို့လျက်ရှိကြောင်း ရွှေပိတောက်ငါးဈေးသာယာရေးကော်မတီမှ သိရပါတယ်။

လက်ရှိ ဆောင်းဦးကာလဟာ ငါးကန်ဖော်ချိန်ဖြစ်ပြီး ရေချိုထွက်ကုန်များ လှိုင်လှိုင်ဝင်ရောက်လျက်ရှိကာ ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးတန်၊ ငါးခေါင်းပွ၊ တီလားပီးယား၊ ငါးခုံးမ၊ ငါးမုတ်၊ ငါးပြေမ၊ ငါးခူ၊ ငါးကျည်း၊ ငါးရံ့၊ ငါးပနော်၊ ငါးဖယ်၊ ပုစွန် အပါအဝင် စတဲ့ ရေထွက်ကုန်အမျိုးအစား ၃၀ ခန့် ရွှေပိတောက်ငါးကြီးဈေးသို့ ဝင်ရောက်မှုရှိနေသလို ပင်လယ်ပြင်မှရရှိတဲ့ ပလာတူး၊ ပလာတူးမျက်ကျယ်၊ ရွှေငါး၊ ပီတာ၊ ကကတစ်၊ ငါးခုံးမ၊ ငါးစဉ်းလုံး၊ ငါးမြွေထိုး၊ ငါးပါးနီ၊ ငါးလိပ်ကျောက်၊ ငါးလိပ် စွန်၊ ဆမားလိပ်ကျောက်၊ ကင်းမွန်၊ ပြည်ကြီးငါး၊ တိုက်ဂါးပုစွန်၊ ဖလားဝါးပုစွန် အပါအဝင် ရေငန်ထွက်ကုန်အမျိုးအစား ၂၀ ကျော် ကုန်ပိဿာချိန် တစ်သိန်းကျော် ဝင်ရောက်လျက်ရှိနေပါတယ်။

ပြည်ပပို့ကုန်အနေနဲ့ ငါးတံခွန်အကြီး၊ ငါးမုန့်အဖြူ/အမည်း၊ ငါးသင်ဝါ၊ ငါးပါးနီ၊ ငါးခုံးမ၊ ငါးရွှေ၊ တိုက်ဂါးပုစွန်၊ ဖလားဝါးပုစွန်နဲ့ ရွှေပုစွန် စတဲ့ ရေထွက်ကုန်များကို အများဆုံးတင်ပို့လျက်ရှိပါတယ်။

အဆိုပါ ပင်လယ်ရေ ထွက်ကုန် များကို ပြည်ပနိုင်ငံများဖြစ်တဲ့ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ ထိုင်းနှင့် စင်ကာပူ စတဲ့ နိုင်ငံများသို့ တင်ပို့လျက် ရှိပြီး အများအားဖြင့် တရုတ်ကိုယ်စားလှယ် တွေက ရေငန်ထွက်ကုန်ကို အအေးခန်းမှာ သိုလှောင်ပြီး အများဆုံးဝယ်ယူ တင်ပို့လျက်ရှိကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN