(ပြည်တွင်း) ဒီဇင်ဘာဘာ ၂
ကယားပြည်နယ်ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများနှင့် သင်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ် နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပြီး အဆိုပါ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းကို လာမယ့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ပထမပတ်မှာ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရန် လိုအပ်ချက်များကို ဆောင်ရွက်လျက်ရှိတယ်လို့ ကယားပြည်နယ် အစိုးရအဖွဲ့ကနေ သိရပါတယ်။
ကယားပြည်နယ်အစိုးရအဖွဲ့အနေနဲ့ တက္ကသိုလ်များနှင့် ကောလိပ်ကျောင်းများ ဖွင့်လှစ်လျက်ရှိပြီး ထပ်မံ ဖွင့်လှစ်မည့် သင်တန်းကျောင်းများကိုလည်း စနစ်တကျ ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် က ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
သင်တန်းကျောင်းကို ဇန်နဝါရီလ ပထမပတ်မှာ ပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ ကျောင်းများ ပြန်လည်ဖွင့်လှစ် ပါက သင်တန်းသား၊ သင်တန်းသူများ အဆင်ပြေစွာ နေထိုင်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိတဲ့ စားရိပ်သာနှင့် စားဖိုဆောင်ပြုပြင်ခြင်း၊ သင်တန်းသားအိပ်ဆောင်များ ဥပဓိရုပ် ကောင်းမွန်ရေး၊ ရေ၊ မီး၊ မိလ္လာစနစ် ကောင်းမွန်ရေး ပြုပြင်ဆောင်ရွက်ရန်လိုအပ်သည်များကို ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်ပါတယ်။
ပြည်နယ်ဝန်ကြီးချုပ်က စားရိပ်သာပြုပြင်ခြင်းအား စနစ်တကျဖြစ်စေရေး ဆောင်ရွက်ပေးရန်နှင့် သင်တန်းသား အိပ်ဆောင်များ ရေ၊ မီး ရရှိရေး သန့်စင်ခန်းများ စနစ်တကျ အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးရန်နှင့် ကျောင်းပြန်လည်ဖွင့်လှစ်ပါက ပြည်နယ်ပြင်ပမှာ တက်ရောက်လျက်ရှိတဲ့ သင်တန်းသား၊ သင်တန်းသူများ အားလုံး ပြန်လည်တက်ရောက်နိုင်ရေး စနစ်တကျစီမံဆောင်ရွက် ရန် တာဝန်ရှိသူများကို မှာကြားခဲ့ပြီး လိုအပ်တာများ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews