(ကျန်းမာရေး)ဒီဇင်ဘာ ၂
PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟုသု တရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ နာတာရှည် လေပြွန်ရောင် ရောဂါအကြောင်း သိကောင်းစရာကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
နာတာရှည် လေပြွန်ရောင် ရောဂါ (Chronic bronchitis) ဆိုတာ နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD)ရဲ့ ရောဂါအခွဲတစ်ခုပါပဲ။ ဒါကြောင့် ဖြစ်တဲ့ အကြောင်းရင်းတွေကလည်း ခပ်ဆင်ဆင်ပါပဲ။ ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကို သိထားရင် ကြိုတင်ကာကွယ်နိုင်သလို ကိုယ်က ဖြစ်နိုင်ခြေများတဲ့သူလားဆိုတာကိုလည်း ဆန်းစစ်နိုင်ပါတယ်။
နာတာရှည်လေပြွန်ရောင် ခြင်းရဲ့ သဘောသဘာဝ
ဘာတွေက ဖြစ်စေတာလဲဆိုတာကို မပြောခင် ရောဂါရဲ့ သဘောသဘာဝကို အရင်ပြောပြပါ့မယ်။ ဒါမှ ဖြစ်စေတဲ့အကြောင်းရင်းတွေနဲ့ ချိတ်ဆက်လို့ ရမှာပါ။
နာတာရှည် လေပြွန်ရောင်တဲ့ ရောဂါမှာ လေပြွန်နံရံတွေက အကြောင်းအမျိုးမျိုးကြောင့် ခဏခဏ ထိခိုက်လာတဲ့အတွက် ရောင်ရမ်းလာပါတယ်။ ဒါကလည်း တစ်ခါ နှစ်ခါ မဟုတ်ပါဘူး။ နာတာရှည်ဆိုတော့ ကြာလာတဲ့အခါ လေပြွန်တွေ ပျက်စီးလာပါတယ်။ လေပြွန်တွေ ရောင်ရမ်းပြီး ချွဲတွေ ထွက်လာတဲ့အတွက် အဆုတ်ထဲကို လေဝင်ဖို့ ခက်လာပါတယ်။
ဒါကြောင့်ပဲ အသက်ရှူရခက်ပြီး မောလာပါတယ်။ နာတာရှည် လေပြွန်ပျက်စီးတာဖြစ်တဲ့အတွက် မောတာက တဖြည်းဖြည်း ပိုဆိုးလာပါတယ်။ ရောင်ရမ်းတာက လေပြွန်တင် မဟုတ်ပါဘူး။ လေပြွန်နံရံမှာရှိတဲ့ ciliaလို့ခေါ်တဲ့ လေပြွန်တစ်လျှောက်က ပိုးမွှားတွေနဲ့ အမှုန်တွေကို ဖယ်ရှားပေးနေတဲ့ အမွေးနုလေးတွေကိုပါ ပျက်စီးစေပါတယ်။ ဒီအမွေးနုလေးတွေ မရှိတော့တဲ့အတွက် ဘတ်တီးရီးယားတွေ ဗိုင်းရပ်စ်တွေ အလွယ်တကူပေါက်ပွားလာပါတော့တယ်။
နာတာရှည် လေပြွန်ရောင်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းများ
နာတာရှည် လေပြွန်ရောင်တာက ဘတ်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကြောင့် ဖြစ်တယ်လို့ ထင်ကြပေမယ့် လက်တွေ့မှာ ဒီလိုမဟုတ်ပါဘူး။ ဘတ်တီးရီးယားတွေ ဗိုင်းရပ်စ်တွေက နောက်ဆက်တွဲတွေ ဖြစ်မှ ဝင်လာတာပါ။ အဓိကက ဆေးလိပ်ကြောင့်ပါပဲ။
• ဆေးလိပ် ။ ၉၀ရာခိုင်နှုန်းသော နာတာရှည် လေပြွန်ရောင်ရမ်းတဲ့သူတွေကို ကြည့်မယ်ဆိုရင် ဆေးလိပ်သောက်တာ ဒါမှမဟုတ် ဆေးလိပ်သောက်ဖူးတဲ့သူတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ သောက်တာမဟုတ်ဘဲ ခဏလောက် ရှူမိရင်တောင် လေပြွန်နံရံက အမွေးနုလေးတွေ အလုပ်လုပ်တာ ရပ်သွားပါတယ်။ ဆိုလိုတာက ဒီခဏမှာ ပိုးမွှားတွေ၊ အမှုန်အမွှားတွေကို မဖယ်ထုတ်နိုင်တော့ပါဘူး။ ဒါကြောင့် အချိန်အကြာကြီး ဆေးလိပ်သောက်မယ်ဆိုရင် ပိုပြီး ပျက်စီးမှာပါ။ လေ ပြွန်တွေလည်း ပျက်စီးလာမှာပါ။ ဆေးလိပ်အပြင် ဆေးရွက်ကြီး၊ ဆေးပေါ့လိပ်၊ ဆေးတံတို့ကလည်း ရလဒ်အတူတူပဲ ဖြစ်ပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့ရှူမိတယ်ဆိုရင်လည်း ဒီအတိုင်းပါပဲ။ အချိန်ကြာကြာရှူမိလေလေ ပိုပြီး ပျက်စီးလေလေပါပဲ။
• ဖုန်မှုန့် ။ ဖုန်မှုန့်တွေ ရှူမိတာကလည်း လေပြွန်တွေကို ကလိကအောက် ဖြစ်စေတဲ့အတွက် ရောင်ရမ်းစေတတ်ပါတယ်။
• အခိုးအငွေ့တွေ ။ ဆံပင်ညှပ်ဆိုင်မှာ သုံးတဲ့ စပရေးတွေ၊ အိမ်သုတ်ဆေးက ထွက်တဲ့အနံ့တွေပါ။ တစ်ဆက်တည်းပြောရရင် လုပ်ငန်း ခွင်မှာ မကြာခဏ ရှူရှိုက်နေရတဲ့ ဓာတ်ငွေ့တွေ၊ အမှုန်အမွှားတွေလည်း ပါပါတယ်။ ဥပမာ ဝရိန်ဆော်ရာက ထွက်လာတဲ့ အခိုး အငွေ့။
• လေထုညစ်ညမ်းမှု ။ စက်ရုံ၊ အလုပ်ရုံကထွက်တဲ့ မီးခိုးတွေ၊ ကားက ထွက်တဲ့ မီးခိုးတွေ၊ စားသောက်ဆိုင်နဲ့ နောက်ဆုံး အကြော်ဆိုင်က ထွက်တဲ့ မီးခိုးငွေ့တွေအထိ အားလုံးပါပါတယ်။ လေထုညစ်ညမ်းမှုမှာ ပတ်ဝန်းကျင် ညစ်ညမ်းမှုပဲ မဟုတ်ပါဘူး။ အိမ်တွင်းလေထုညစ်ညမ်းမှုလည်း ပါပါတယ်။ ဥပမာ အိမ်ထဲမှာ ထင်းတွေ၊ မီးသွေးတွေနဲ့ နေ့စဉ် ချက် ပြုတ်နေရတာမျိုးပေါ့။ အိမ်ရှင်မတွေ ဆေး လိပ်မသောက်ပေမယ့် အဆုတ်ထိခိုက်တာ ဒါတွေကြောင့်ပါပဲ။
ဘယ်သူတွေက ပိုပြီး ဖြစ်နိုင်ခြေများသလဲ
• အသက် ။ အသက် ၄၀ပတ်ဝန်းကျင်လောက်မှာ ပိုပြီး အဖြစ်များတာ တွေ့ရပါတယ်။
• ကျား/မ ။ အမျိုးသားတွေက အမျိုးသမီးတွေက ၂ဆ ပိုပြီး ဖြစ်နိုင်ခြေများပါတယ်။ အဓိကက ဆေးလိပ်သောက်တဲ့ ဦးရေ ပိုများတာကြောင့်ပါ။
• ဆေးလိပ်သောက်တာ ။ ဆေးလိပ်သောက်တဲ့သူတွေ၊ သောက်ဖူးတဲ့သူတွေက သာမန်လူတွေထက်စာရင် ဖြစ်နိုင်ခြေ သိသိသာသာကို များပါတယ်။
• အဆုတ်ကို ထိခိုက်စေတဲ့ အရာတွေကို အကြာကြီး ရှူရှိုက်နေရသူတွေ ။ ဆေးလိပ်ငွေ့တွေ အပါအဝင် မီးခိုးငွေ့တွေ၊ ဖုန်တွေ၊ လေထုညစ်ညမ်းမှုတွေနဲ့ ကြာကြာထိတွေ့ရလေလေ ဖြစ်နိုင်ခြေများလေလေပါပဲ။
• မျိုးဗီဇ ။ မျိုးဗီဇအရ Alpha-1 antitrypsin ပရိုတိန်း ချို့တဲ့သူတွေ၊ မိသားစုမှာ နာတာရှည် လေပြွန်ကျဉ်းမျိုးရိုးရှိတဲ့သူတွေက ပိုဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ဆေးလိပ်ပါသောက်မယ်ဆိုရင် ဖြစ်နိုင်ခြေ ပိုများလာမှာပါ။
နာတာရှည် လေပြွန်ရောင်ရမ်းခြင်းရဲ့ လက္ခဏာများ
ခဏခဏ လေပြွန်ကို ထိခိုက်ပြီး ရောင်ရမ်းစေတဲ့အတွက် ကြာလာတဲ့ လေပြွန်ပျက်စီးပြီး အောက်ကလက္ခဏာတွေ ပေါ်လာပါတယ်။
• ချောင်းဆိုး ချွဲကြပ်တာ ။ အတွေ့ရအများဆုံး လက္ခဏာပါပဲ။ နေ့တိုင်းနီးပါးနဲ့ ၃လလောက် ဆိုးနိုင်ပါတယ်။ ဘယ်လောက်ဆိုးမှာလဲ။ ချွဲဘယ်လောက်ထွက်မှာလဲကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ ချွဲအရောင်ကလည်း အကြည်ရောင်ကနေ အဝါရောင်၊ အစိမ်းရောင်၊ တစ်ခါတလေ သွေးရောင်လေး ပါတတ်ပါတယ်။ ဆေးလိပ်ကြောင့် ဖြစ်တာမို့လို့ ‘ဆေးလိပ်ချောင်း’ လို့လည်း ခေါ်ပါသေးတယ်။ မနက်စောစောဆိုရင် တစ်ညလုံး စုထားတဲ့ ချွဲတွေ ထွက်လာာတာကြောင့် ပျစ်ပြီး အရောင်ပါပါတယ်။ နောက်ပိုင်းကျမှ အရောင်ကြည်ပြီး ကျဲသွားပါတယ်။
• မောတာ ။ ရောဂါရင့်လာလေလေ ပိုမောလေလေပါပဲ။ လှုပ်လှုပ်ရှားရှားနေတဲ့အခါ၊ ချောင်းဆိုးတဲ့အခါဆို ပိုမောပါတယ်။ နောက်ပိုင်း နာတာရှည် လေပြွန်ကျဉ်းရောဂါတို့၊ လေအိတ်ပျက်စီးတဲ့ ရောဂါတွေ ဖြစ်လာရင် အလိုလိုနေရင်းနဲ့ကို မောလာပါတယ်။
• အသက်ရှူရင် တရွှီရွှီမြည်တာ ။ လေပြွန်တွေ ပျက်စီးတဲ့အတွက် ကျဉ်းမြောင်းပြီး အသက်ရှူသွင်း ရှူထုတ်လုပ်လိုက်တိုင်းမှာ တရွှီရွှီအသံထွက်လာပါတယ်။
• နုံးခြင်း ။
• လည်ပင်းနာခြင်း ။
• ကြွက်သားတွေ ကိုက်ခဲခြင်း။
• ခေါင်းကိုက်ခြင်း ။
• နှာရည်ယိုခြင်း တွေပါ ဖြစ်လာပါတယ်။
နာတာရှည် လေပြွန်ရောင်ရမ်းခြင်းရဲ့နောက် ဆက်တွဲ လက္ခဏာများ
နာတာရှည် လေပြွန်ရောင်တာက သေချာမကုသဘူးဆိုရင် ကြာလာတာနဲ့အမျှ နောက်ဆက်တွဲရောဂါတွေ ဝင်လာမှာပါ။ တချို့ကျတော့လည်း ရောဂါရှိမှန်းကို မသိတဲ့အတွက် မကုသဘဲ နောက်ဆက်တွဲ လက္ခဏာတွေပြမှ သိကြတာမျိုး ရှိပါတယ်။ ဒါတွေကတော့ –
• ရင်ဘတ်အောင့်တာ ။ နာတာရှည် လေပြွန်ရောင်ရမ်းတဲ့အခါ အဆုတ်အားနည်းပြီး မကြာခဏ ပိုးဝင်လွယ်ပါတယ်။ တုပ်ကွေးရော၊ ဘတ်တီးရီးယားရော ဝင်နိုင်ပါတယ်။ ပိုးခဏခဏဝင်တဲ့အခါ အဆုတ်က ပိုအားနည်းပါတယ်။ ချောင်းဆိုးလည်း မပြတ်တဲ့အတွက် ရင်ဘတ်အောင့်လာပါတယ်။ ရင်ဘတ်ထဲမှာ တင်းကြပ်ကြပ် ဖြစ်နေတတ်ပါတယ်။
• ဖျားတာ ။ ပိုးဝင်လွယ်တာရဲ့ နောက်ဆက်တွဲ အနေနဲ့ လူနာက ခဏခဏ ဖျားပါတယ်။ မကြာမကြာ နေမကောင်း ဖြစ်တဲ့အတွက် ကိုယ်အလေးချိန်ကျသွားပါတယ်။
• ပြာနှမ်းတာ ။ နောက်ပိုင်းမှာ နာတာရှည် လေပြွန်ကျဉ်းတာကြောင့် သွေးထဲကို အောက်စီဂျင် ကောင်းကောင်း မရဘဲ နှုတ်ခမ်းတွေ ပြာတာ၊ လက်သည်းတွေ ပြာတာ ဖြစ်လာပါတယ်။
• ဖောလာတာ ။ အဆုတ်ပျက်စီးလာတာနဲ့အမျှ အဆုတ်သွေးကြောတွေမှာ ဖိအားတွေ များလာပါတယ်။ ဒါနဲ့ ဆက်စပ်ပြီး နှလုံးမှာပါ လိုက်ပြီး ထိခိုက်လာပါတယ်။ နှလုံးမှာ ဖိအားတွေ များလာပြီး နှလုံးပျက်စီးတာကြောင့် မောလာတာ၊ ခြေထောက်တွေ ဖောလာတာ ဖြစ်တတ်ပါတယ်။
နာတာရှည် လေပြွန်ကျဉ်း ရောဂါအတွက် ကုသနည်းများ
နာတာရှည် လေပြွန်ကျဉ်း ရောဂါအတွက် ကုသနည်းများ ကို အကြမ်းအားဖြင့်တော့ –
• ဆေးဝါးများ
• အဆုတ်ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်း
• အောက်ဆီဂျင်ကုထုံး
• ခွဲစိတ်နည်း ဆိုပြီး ရှိပါတယ်။
ဘာကုသမှုမှ မစခင် အရင်ဆုံး လုပ်ရမယ့် အရာရှိပါတယ်။ ဒါကတော့ ဆေးလိပ်ဖြတ်တာပါ။ ဆေးလိပ်ဆက်သောက်နေမယ်ဆိုရင် ပလိုင်းပေါက်နဲ့ ဖားကောက်နေသလိုပဲ ကုသမှု အရာထင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အရင်ဆုံး မဖြစ်မနေ ဆေးလိပ်ဖြတ်ရပါမယ်။ ဆေးလိပ်ဖြတ်မှ ဆေးဝါးတွေရဲ့ အာနိသင်ကို ကောင်းကောင်း ရမှာပါ။
ဆေးဝါးများ
ဆေးဝါးတွေကတော့ လေပြွန်ကျဉ်းတာ သက်သာဖို့ ရည်ရွယ်ပါတယ်။ ပုံမှန်သောက်ရတာ ရှိသလို၊ လိုမှ သောက်ရတာ ရှိပါတယ်။ သောက် ဆေးအပြင် ရှူဆေးတွေလည်း ရှိပါတယ်။
• လေပြွန်ကျယ်ဆေးများ
လေပြွန်ကျယ်ဆေးတွေက ရှူဆေးအမျိုးအစားပါ။ ပန်းနာရင်ကျပ်သမားတွေ ရှူတဲ့ ရှူဆေးပုံစံမျိုးပါ။ ဒီဆေးတွေက လေပြွန်ကျဉ်းတာကို သက်သာစေတာကြောင့် ချောင်းဆိုးတာ၊ မောတာ သက်သာပြီး အသက်ရှူလို့ ကောင်းလာပါတယ်။ ရောဂါအခြေအနေပေါ်မူတည်ပြီး ရေတိုခံတဲ့ လေပြွန်ကျယ်ဆေး (ဥပမာ Albuterol)၊ ရေရှည်ခံတဲ့ လေပြွန်ကျယ်ဆေး (ဥပမာ Salmeterol) သုံးရနိုင်ပါတယ်။
• စတီးရွိုက်ရှူဆေး
စတီးရွိုက်ရှူဆေးတွေက လေပြွန်ရောင်ရမ်းတာကို သက်သာစေပြီး ခဏခဏရောဂါမဖောက်အောင် ကာကွယ်ပေးပါတယ် (ဥပမာ Fluticasone) ။ ရေရှည်စွဲသုံးတဲ့သူတွေမှာတော့ မှက္ခရုတို့၊ အသံအက်တာတို့ ဖြစ်တတ်ပါတယ်။
• ပေါင်းစပ်ရှူဆေးများ
နောက်ပိုင်း တိုးတက်လာတဲ့အခါကျတော့ ဆေးတွေကို တစ်ခါတည်း ပေါင်းပြီးသားတွေ ရှိလာပါတယ်။ လေပြွန်ကျယ်ဆေးနဲ့ စတီးရွိုက်ပေါင်းထားတာ၊ ရေတိုခံ လေပြွန်ကျယ်ဆေးနဲ့ ရေရှည်ခံ လေပြွန်ခံဆေး ပေါင်းထားတာ စသဖြင့် လူနာအတွက် ပိုအဆင်ပြေလာပါတယ်။
• စတီးရွိုက်သောက်ဆေး
ရောဂါက ထိန်းရခက်တယ်ဆိုရင်တော့ စတီးရွိုက်သောက်ဆေးကို ရက်တို ၄-၅ရက်လောက် ပေးပြီး ကုသပါတယ်။ ရေရှည်ကျတော့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်တဲ့ သွေးတွင်းသကြားဓာတ်တက်တာ၊ မျက်စိတိမ်စွဲတာ၊ အရိုးပါးတာတွေ ဖြစ်တတ်လို့ပါ။
• အခြားဆေးများ
Phosphodiesterase-4 inhibitors ဆိုတဲ့ ဆေးကတော့ လေပြွန်တွေရောင်ရမ်းတာကို သက်သာစေပြီး လေပြွန်ကျယ်စေပါတယ်။Theophylline ဆိုတဲ့ ဆေးကတော့ ဆေးလည်းသက်သာပြီး COPDကို ပိုဆိုးမလာအောင် တားဆီးပေးပါတယ်။ ဘေးထွက်ဆိုးကျိုးကတော့ ရင်တုန်တတ်ပါတယ်။
အဆုတ်ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်း
ဒါကတော့ ပြန်လည်သန်စွမ်းရေး ကျွမ်းကျင်ပညာရှင်တွေ၊ အာဟာရဆရာဝန်နဲ့ သူနာပြုတွေပါဝင်တဲ့ အစီအစဉ်လေးတစ်ခုပေါ့။ ဘာတွေသင်ပေးမှာလဲဆိုတော့ –
• သင့်ရောဂါအခြေအနေနဲ့ လိုက်ဖက်တဲ့ လေ့ကျင့်ခန်းတွေ (ဥပမာ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ) ကို ဘယ်လိုလုပ်ကြမလဲ။
• သင့်ရောဂါအတွက် ဆောင်ရန်၊ ရှောင်ရန်တွေရယ်
• အာဟာရဆိုင်ရာ အကြံပေးချက်တွေရယ်
• စိတ်ပိုင်းဆိုင်ရာ အားပေးတာတွေရယ်ပါဝင်ပါတယ်။
ဒီအစီအစဉ်လေးက ဘာမှမဟုတ်ဘူးလို့ ထင်ရပေမယ့် လက်တွေ့မှာ လူနာတွေက ကိုယ့်ရောဂါကို ပိုနားလည်ပြီး ဂရုစိုက်တတ်သွားလို့ ခဏခဏရောဂါဖောက်ပြီး ဆေးရုံတက်ရတာ နည်းသွားသလို နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပြန်လုပ်လာနိုင်ပါတယ်တဲ့။
အောက်ဆီဂျင်ကုထုံး
• အိမ်တွင်းအောက်ဆီဂျင်ကုထုံး (Long term oxygen therapy) ။ COPDလူနာတွေက သွေးထဲမှာ အောက်ဆီဂျင် နည်းနေတဲ့အတွက် ဆရာဝန်တွေက အိမ်မှာ အောက်ဆီဂျင်ရှူဖို့ အကြံပေးနိုင်ပါတယ်။ အိမ်မှာ အောက်ဆီဂျင်အိုးလေးနဲ့ နှာခေါင်းပိုက် ဒါမှမဟုတ် နှာခေါင်းစည်းနဲ့ ရှူရမှာပါ။ ဒီလိုလေး ရှူနေမှပဲ သွေးထဲမှာ အောက်ဆီဂျင်က အန္တရာယ်ဖြစ်လောက်အောင် နည်းမနေမှာပါ။ COPDလူနာတွေက အောက်ဆီဂျင်ပမာဏ နည်းနည်းနဲ့ အသားကျပြီးသား ဖြစ်တဲ့အတွက် အောက်ဆီဂျင် ပမာဏ အများကြီး ပေးလိုက်လို့ မဖြစ်ပါဘူး။ ကောင်းကျိုးထက် ဆိုးကျိုးပိုများပါတယ်။ ဆရာဝန်ညွှန်ကြားထားသလောက်ပဲ ပေးရပါမယ်။ တစ်နေ့ကို ၁၆နာရီလောက် အနည်းဆုံးရှူရပါတယ်။ အိမ်ထဲမှာဆိုရင်တော့ အိုးနဲ့ သွားလို့ရပေမယ့် အပြင်သွားမယ်ဆိုရင်တော့ သယ်သွားလို့ရတဲ့ အမျိုးအစား Portable ကို သုံးလို့ရပါတယ်။ နောက်ထပ်အရေးကြီးတာက အိမ်မှာ အောက်ဆီဂျင်ရှူမယ်ဆိုရင် ဆေးလိပ်မဖြစ်မနေဖြတ်ရပါမယ်။ မီးလောင်လွယ်လို့ပါ။ ဒါကြောင့် ဆောင်းပါးအစမှာတည်းက ဆေးမကုခင်မှာ ဆေးလိပ်ဖြတ်ဖို့ လိုတယ်လို့ ပြောခဲ့တာပါ။
• Ambulatory oxygen therapy ။ ဒါကတော့ လိုမှ ရှူရတာပေါ့။ လှုပ်လှုပ်ရှားရှားလုပ်မယ်၊ အောက်ဆီဂျင်ပိုလိုနိုင်တယ်လို့ ယူဆတဲ့အခါ ရှူနိုင်ပါတယ်။ တချို့လူတွေက ဒီတိုင်းဆို မသိသာပေမယ့် လေ့ကျင့်ခန်း လုပ်တဲ့အခါ သွေးထဲမှာ အောက်ဆီဂျင်ကျလာပါတယ်။ ဒါကြောင့် အိမ်တွင်းအောက်ဆီဂျင်ကုထုံးထက်စာရင် Ambulatory oxygen therapyက ပိုပြီး အဆင်ပြေပါတယ်။
• အသက်ရှူစက်နဲ့ ရှူတာ Non-invasive ventilation (NIV) ။ ဒါကတော့ ရောဂါဖောက်လို့ ဆေးရုံတက်ရတဲ့အခါ ရှူရတာမျိုးပါ။ ရိုးရိုး အောက်ဆီဂျင်ရှူတာနဲ့ ဆင်တူပါတယ်။ အသက်ရှူရပိုလွယ်စေပါတယ်။
ခွဲစိတ်နည်း
ခွဲစိတ်နည်းက အဓိကအားဖြင့် ၃နည်းရှိပါတယ်။
• မကောင်းတဲ့အဆုတ်ကို ဖယ်ထုတ်တာ ။ အဆုတ်ရဲ့ ပျက်စီးနေတဲ့ အစိတ်အပိုင်းတွေကို ခွဲစိတ်ပြီး ဖယ်ထုတ်လိုက်တဲ့အတွက် တခြားကောင်းတဲ့အစိတ်အပိုင်းတွေအတွက် နေရာပိုရသွားသလို အသက်ရှူတဲ့အခါ ကောင်းကောင်းကျုံ့ဆန့်နိုင်ပါတယ်။
• ပျက်စီးနေတဲ့ လေအိတ်တွေကို ဖယ်ထုတ်တာ။ ပျက်စီးနေတဲ့ လေအိတ်တွေ ပေါင်းသွားတဲ့အခါ လေအိတ်ကြီးဖြစ်သွားပါတယ်။ ဒီလေအိတ်ကို ဖယ်ထုတ်လိုက်ခြင်းကြောင့် အသက်ရှူရပိုကောင်းသွားပါတယ်။
• အဆုတ်အစားထိုးတာ ။ ဒါကတော့ ပျက်စီးနေတဲ့ အဆုတ်ကို ဖယ်ထုတ်ပြီး သူများအဆုတ်ကို ပြန်အစားထိုးတာပါ။
အခြားနည်းလမ်းများ
အခြားနည်းလမ်းတွေကတော့ တစ်ခါတလေ ချောင်းဆိုး ချွဲထရင် ချောင်းဆိုးပျောက်ဆေးတို့၊ ချွဲပျော်ဆေးတို့ ပေးတာမျိုး၊ အဆုတ်ပိုးဝင်ပြီး ဖျားတဲ့အခါ ပိုးသတ်ဆေး ပေးတာမျိုးတို့ ရှိပါတယ်။
နာတာရှည် လေပြွန်ကျဉ်း ရောဂါက တစ်ခါတစ်ခါ ထဖောက်တတ်ပါတယ်။ ဒီလိုထဖောက်လာရင်တော့ အိမ်မှာ မနေဘဲ နီးရာဆေးရုံကို သွားပြဖို့ အကြံပေးပါရစေ။ ဒီလိုမှမဟုတ်ရင် အဆုတ်လုံးဝပျက်စီးသွားတဲ့ အခြေအနေကို ရောက်သွားနိုင်ပါတယ်။
(Crd: Hello ဆရာဝန်)
#PAN