(ပြည်တွင်း) နိုဝင်ဘာ ၁၇
2024 December JLPT စာမေးပွဲအတွက် နာမည်၊ မွေးသက္ကရာဇ်နှင့် ကျား/မ အမှားပြင်ဆင်လိုသူများအနေနဲ့ ဒီဇင်ဘာလ ၁ ရက် စာမေးပွဲဖြေဆိုသည့်နေ့ စာမေးပွဲ section အားလုံးဖြေပြီးချိန်တွင် ဖြေဆိုရမည့် Test Site ရှိ Office မှ သတ်မှတ်ထားတဲ့နေရာမှာ စာဖြေသူကိုယ်တိုင် သွားရောက်ပြင်ဆင်နိုင်ကြောင်း JLPT စာမေးပွဲကျင်းပရေးကော်မတီ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်းက အသိပေးထားပါတယ်။
လိုအပ်သည့် အချက်များအနေဖြင့် Test Voucher မူရင်း၊ သက်သေခံကတ်ပြားမူရင်း (Passport, Driving License ကားလိုင်စင်အမျိုးအစား B,C,D,E, နိုင်ငံသားသက်သေခံကတ်) စာမေးပွဲနေ့တွင်ပြင်ဆင်ရန် သတ်မှတ်ထားသည့် ရုံးခန်းတွင် နမူနာဇယားပုံစံအတိုင်းဖြည့်သွင်းပြီး ပြင်ဆင်လျှောက်ထားရမှာဖြစ်ပါတယ်။
အမှားပြင်ဆင်သည့်ဖောင်တွင် အချက်အလက်များအားလုံးကို စာဖြေသူကိုယ်တိုင်က ဖြည့်သွင်းရေးသားရမှာဖြစ်ပြီး အမည်နှင့် မွေးသက္ကရာဇ်အနက်မှ တစ်မျိုးသာလျှင် ပြင်ဆင်ခွင့်ရှိကြောင်း သိရပါတယ်။
ဒါ့အပြင် သက်သေခံကတ်နှင့် Test Voucher တွင်ပါရှိတဲ့ အမည်၊ မွေးသက္ကရာဇ်များ လုံးဝကွဲလွဲနေပါက ပြင်ဆင် ခွင့်မရနိုင်ကြောင်း၊ အမှားပြင်ဆင်လိုသူသည် အမည်စာလုံးပေါင်းမှားယွင်းမှုမရှိစေရန် Passport၊ ဘွဲ့လက်မှတ်များတွင် အသုံးပြုသည့်အတိုင်း သေချာစွာဖြည့်သွင်းပေးရန် ဖော်ပြထားပါတယ်။
ထို့အတူ အမှားပြင်ဆင်ခြင်းအား စာမေးပွဲဖြေဆိုသည့်နေ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်တွင်သာ လက်ခံသွားမှာ ဖြစ်ပြီး အောင်လက်မှတ်ထွက်ရှိမည့် ကာလအထိ အမှားပြင်ဆင်ခြင်းလျှောက်ထားမှုကို လက်မခံကြောင်း အသိပေးထား ပါတယ်။
အောင်လက်မှတ်ထွက်ရှိပြီးနောက်ပိုင်းမှ အမှားပြင်ဆင်ရန်လျှောက်ထားသူများသည် ပြင်ဆင်ခြင်းအတွက် နှစ်လမှ ခြောက်လအထိ ကြာမြင့်မှာဖြစ်ပြီး အမှားပြင်ဆင်ခြင်း လျှောက်ထားသူဦးရေ များပြားသည့်အပေါ်တွင် မူတည်၍ ပိုမိုကြာမြင့်ခြင်းရှိနိုင်ကြောင်း သိရပါတယ်။
အောင်လက်မှတ်တစ်ခုကို တစ်ကြိမ်သာ ပြန်လည်ပြင်ဆင်ရန် လျှောက်ထားနိုင်ပြီး လျှောက်ထားသည့်အခါတွင် လည်း စာမေးပွဲနေ့မှစတင်ပြီး တစ်နှစ်အတွင်း အကြုံးဝင်သော အောင်လက်မှတ်များကိုသာ ပြင်ဆင်ခွင့်ရှိတာကြောင့် မိမိ ပြင်ဆင်လိုသည်အား သေချာစွာစစ်ဆေးလျှောက်ထားရန်လိုအပ်ကြောင်း JLPT စာမေးပွဲကျင်းပရေးကော်မတီ၊ မြန်မာ နိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်းက အသိပေးထားပါတယ်။
#PAN