(ကျန်းမာရေး) နိုင်ဝင်ဘာ ၂၇
သွားနာ၊ သွားကိုက်ရောဂါမှာ လူတိုင်း တစ်နေ့တွင် တွေ့ကြုံရမည့် ဝေဒနာဖြစ်သည်။ အသက် အရွယ်ငယ်စဉ်မှာပင် သွားနာ၊ သွားကိုက်ဝေဒနာခံစားရသည်။ နို့စို့ကလေးမှာပင် သွားများပိုးစားခြင်း၊ ကျွတ်ထွက်ခြင်းတို့ဖြစ်တတ်ကြပြီး အသက်ခုနစ်နှစ်အတွင်းမှာ ငယ်သွားလဲကြ သည်။
ငယ်သွားလဲပြီး ကြီးမှပြန်ပေါက်သောသွားမှာ လူ့ဘဝတစ်လျှောက်လုံး သုံးစွဲရတော့မည့်သွားဖြစ်သည်။ နောက်ထပ်တစ်ကြိမ် ပြန်မပေါက်နိုင်တော့သော နတ်သစ်မြစ်ဟု တင်စားပြောကြသည်။ အသက်ကြီး ပြန်တော့ နောက်ဆုံးသွား(အံသွား) ပေါက်သဖြင့် ဝေဒနာခံစားရပြန်သည်။ တချို့တွင် သာမန် ဝေဒနာမျှသာ ခံစားရသော်လည်း တချို့မှာ အံသွားမထွက်ဘဲ ကိုက်နေသဖြင့် ခွဲစိတ်ကုသရသည် အထိဖြစ်တတ်သည်။
သွားနာခြင်းအဆင့်ဆင့်မှာ သွားကျဉ်ခြင်း၊ သွားဖုံး၊ သွားခြေရောင် ခြင်း၊ သွားနဲ့ခြင်း၊ သွားတွင် အက်ရာ၊ သွားအခေါင်း ပေါက်ရှိခြင်း၊ အခြေမှစ၍ ရောင်ခြင်း၊ ပြည်တည်ခြင်း၊ ကိုက်ခြင်း စသည်ဖြင့် အဆင့် ဆင့်ရှိသည်။
သွားကျဉ်ခြင်းမှာ သွား၏ မျက်နှာပြင်အပေါ်မှ အုပ်ထားသော ကြွေလွှာပျက်စီး သွားသော ကြောင့်ဖြစ် သည်။ အစာနှင့် အချဉ်ရည်များ ထိတွေ့လျှင် ပို၍ သိသာစွာကျဉ်သည်။ ကွမ်းစားသူများတွင် ကြွေသွား လွှာများပျက်စီးသဖြင့် အချဉ်စားရမည်ကို ကြောက်ကြသည်။
ဆားနှင့်သွား
ရှေးက မြန်မာလူမျိုးများတွင် ဆားနှင့်သွားတိုက်သောအလေ့အကျင့် ရှိခဲ့ကြသည်။ ၁၉၅၀ ပြည့်နှစ် နောက်ပိုင်းမှသာ နိုင်ငံခြားမှဝင်လာသော သွားတိုက်ဆေး၊ သွားပွတ်တံများကို တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြ ခြင်းဖြစ်သည်။
ပင်လယ်ရေသည် အငန်ဆုံးသော ဆားရည်ဖြစ်သည်။ ပင်လယ်ရေကို နေလှန်းပြီးချက်လျှင် ဆားရသည်။ ပင်လယ်ပြင်တွင်ရှိသော ကျောက်ဆောင်များ၊ သန္တာကျောက်တန်းများသည် ဆားရည် ကြောင့် ပျက်စီးကြေမွသွားသည်ဟူ၍ မရှိခဲ့ဖူးပါ။ လူတို့ ဂေဟစနစ်ကို ဖျက်ဆီး ခြင်း၊ ဓာတုဗေဒ ပစ္စည်းများ စွန့်ပစ်ခြင်းတို့ကြောင့်သာ သန္တာကျောက် တန်းများ ပျက်စီးကြောင်း ဖတ်ရဖူးသည်။
ဆားသည် အပုပ်ကိုနိုင်သော ဓာတ်သတ္တုတစ်မျိုးဖြစ်သည်။ ဗက်တီးရီးယားပိုးများကြောင့် ပုပ်သိုး ဆွေးမြည့်မည့် ငါး၊ ပုစွန်တို့ကို ဆားဖြင့် သိပ်ထားလျှင် မပုပ်မသိုးဘဲ အကောင်လိုက် ပုံမပျက်ရှိ နေသည်ကို ငါးပိ၊ ငါးခြောက်လုပ်ငန်းများတွင် တွေ့နိုင်သည်။
သွားနာ၊ သွားကိုက်လျှင်၊ အပူကန်ပြီး လည်ချောင်းနာလျှင်၊ အာသီး ရောင်လျှင် ဆားရည်နွေးဖြင့် အာလုတ်ကျင်းပေးပါက သက်သာသည်မှာ လက်တွေ့ဖြစ်သဖြင့် ဆရာဝန်များကပင် ဆားရည်ဖြင့် ပလုတ်ကျင်းရန် လူနာများကို ညွှန်ကြားကြသည်။ ရိုးရိုးသွားနာ၊ သွားဖုံးကြွသူများသည် အပူအကြောင်း ခံခြင်းကြောင့်ဖြစ်သည်။
မိုးရာသီတွင် ရေမြုပ်သောရပ်ကွက်များ၌ နေ့စဉ် ခြေထောက်များ ရေစိုခြင်းကြောင့် လူကြီးများတွင် သွားနာခြင်း၊ သွားဖုံးရောင်ခြင်း၊ လည်ချောင်းနာ အသံဝင်ခြင်းများဖြစ်ကြသည်။ ဆားရည်ငုံပေးခြင်း၊ အာလုတ်ကျင်းပေးခြင်းကို တစ်နေ့ ငါးကြိမ်ခန့် ပြုလုပ်ပေးလျှင် သက်သာနိုင်ကြောင်း တွေ့ရှိရသည်။
ရေစီးကမ်းပြိုရောဂါရှိသူများ၊ သွားခြေမှ ယိုင်နဲ့သူများအတွက် ရုက္ခမူဆားဖြင့် သွားတိုက်ပေးလျှင် သက်သာကြောင်း တိုင်းရင်းဆေးစာကျမ်းဟောင်းများတွင် တွေ့ရသည်။ သစ်ရွက်သစ်ခေါက်များကို မီးရှို့ပြာချပြီး ရေစိမ်ထားကာ အရည်ကြည်ကို သဲ့ယူပြီး သံဒယ်ဖြင့်မီးအပူပေးပါ။ ရေခန်းသွားသောအခါ ဆားပွင့်များ ကျန်နေခဲ့ပါလိမ့်မည်။ ဤသည်မှာ ရုက္ခမူဆားပင်ဖြစ်လေသည်။ ရေစီးကမ်းပြိုဒန္တစိုဟူသော သွားဖုံးများညိုမည်းပြီး ပဲ့ကျသည်အထိဖြစ်သော ဝေဒနာမှာ ရုက္ခမူဆားရည်ကို ငုံထွေးခြင်းဖြင့် သက်သာစေနိုင်သည်။
သွားဖုံးပြည်တည်သောရောဂါတွင် ကျွဲနှာခေါင်းချိတ်ပင်ကို ပြာချပြီး ချက်သောအခါ ရသည့်ဆားဖြင့် ပလုတ်ကျင်းပေးခြင်းဖြင့် ပျောက်ကင်းနိုင်သည်ဟု ဆိုသည်။ ယင်းဆားသည် အစာအိမ်အနာရောဂါများ ကိုလည်း အနာကျက်ပြီး ပျောက်ကင်းစေနိုင်ကြောင်း အာယုဗ္ဗေဒဆရာကြီး ဦးတင်ဦး၏မှတ်စုများတွင် တွေ့ရသည်။ ယင်းဆားကို ကြက်မောက်ဆူးပြန်ဆားဟု ဆရာကြီးက သုံးစွဲခဲ့သည်။
ဆားဖြင့် ပလုတ်ကျင်းလျှင် သွားနာ၊ သွားကိုက် သက်သာစေနိုင်သည် ဟုဆိုသော်လည်း ဆားဖြင့် သွားတိုက်လျှင် ဆားကြမ်းများကို မသုံးသင့်ပေ။ သလဲပွင့်များကဲ့သို့ ကြွေသွားလွှာများ ပွန်းပဲ့ ကုန်နိုင်သည်။ သွားတိုက်ဆားကို ညက်အောင်ထောင်းပြီးမှသာ သုံးစွဲသင့်သည်။ တချို့နယ်များတွင် မီးသွေးခဲနှင့် ဆားကိုရောပြီး သံဆုံတွင်ထောင်းကာ ညက်နေအောင်ပြုလုပ်ပြီး ပုလင်းတစ်ခုတွင် ထည့်သိမ်း၍ နံနက်အိပ်ရာထတိုင်း သွားတိုက်လေ့ရှိသည်။ သွားများကို ဖြူဖွေးဝင်းလက်စေသော ငွေမကုန်သည့် သွားတိုက်ဆေးဖြစ်သည်။
ယခုခေတ်တွင် ဖလိုရိုက်ပါသော သွားတိုက်ဆေးများ၊ လင်ဇီးပါ သောသွားတိုက်ဆေးများ စသည်ဖြင့် ကြော်ငြာအားကောင်းသော သွားတိုက်ဆေးများကို သုံးစွဲကြသည်။ တန်ဖိုးလည်းကြီးသည်။ သွား ပွတ်တံ ကြော်ငြာအမျိုးမျိုးလည်းတွေ့ရသည်။ အကောင်းစားသွားတိုက် ဆေး၊ အကောင်းစား သွားပွတ်တံကို သုံးစွဲလျှင် သွားဆရာဝန်၏ ထိုင်ခုံ ပေါ်သို့ မရောက်နိုင်ဟု ဆိုကြသည်။
သွားနုတ်၊ သွားစိုက်လျှင် ကုန်ကျငွေမှာ ယခုခေတ်တွင် အလွန်ဈေးကြီးသဖြင့် သာမန်ဝင်ငွေရှိသူများပင် မတတ်နိုင်ကြပေ။ သွားကို မပျက်စီးမီက ကြိုတင်သတိရှိခြင်းသာ အကောင်းဆုံးဖြစ်သည်။
မိတ်ဆွေ ပါမောက္ခဆရာမကြီးတစ်ဦး နိုင်ငံခြားသွားသောအခါ အမေရိကားတွင် ဆားပါသော သွားတိုက်ဆေး ပေါ်နေကြောင်း၊ ဆရာဝန်ကြီးများ၏ ထောက်ခံချက်များဖြင့် ထွက်လာကြောင်းပြောပြ သည်။ ယင်းသွားတိုက်ဆေးကို သဘာဝဆားပွင့်များဖြင့် ပြုလုပ်ထားပြီး အရသာအလွန်ငန်ကြောင်း ပြောပြသဖြင့် အံ့ဩမိပါသည်။ အမေရိကား မှ ဆရာဝန်ကြီးများကပင် ဆားနှင့်သွားတိုက်ခြင်းဘက်သို့ ပြန်လှည့် လာသည်ကို သိရှိရသဖြင့် အံ့ဩမိခြင်းဖြစ်ပါသည်။
သွားနာလက်တွေ့ပျောက် အကင်းဆယ်ပါး မန်းဆေး
လွန်ခဲ့သောလက စာရေးသူ၏ ဘယ်ဘက်ခြမ်းသွားဖုံးအောက်ခြေ တွင်ရောင်ပြီး နာလာပါသည်။ စမ်းကြည့်သောအခါ အထိမခံနိုင်။ သွား အခြေမှစူပြီး ဖောင်းထွက်လာသောအသားကို စမ်းမိပါသည်။ စာရေးသူ တွင် မူလကပင် ဘယ်ဘက်ခြမ်းအံသွားအရှေ့သွားတစ်ချောင်းပဲ့၍ ဖာထားရဖူးသည်။ ဝမ်းချုပ်လျှင်၊ ရေခဲရေသောက်လျှင် ရောင်ပြီး သွားခြေမှ ဖောင်းလာတတ်သဖြင့် ရေနွေးကြမ်း သောက်လေ့ရှိသည်။ ယခုလည်း ခရီးသွားရင်း ရေသန့်ဘူးဝယ်သောက်ရာမှ ရေခဲစိမ်နှင့်တွေ့ပြီး ရောင်လာခြင်းဖြစ်သည်။
စာရေးသူ၏ အခြေမှပဲ့နေသော သွားကိုနုတ်ပစ်ရန် မကြာခဏစိတ်ကူးမိသည်။ ဆရာဝန်က ဖာထေး သုံးစွဲကြည့်ပါဦး၊ နုတ်ပြီးလျှင် နောက်ဆက်တွဲပြန်စိုက်ဖို့ ကိစ္စအလွန်များသည်ဟု စေတနာဖြင့်ပြော သည်။ ထို့ကြောင့် အသားနှင့်အချိုရည်များရှောင်ပြီး ဆားရည်ငုံပေးလျှင် အရောင်ပြန်ကျ သွားလေ့ ရှိသည်။ ယခုနောက်ဆုံးအကြိမ်ရောင်သောအခါ အမှတ်မထင်အညှော်မိပြီး မခံနိုင်အောင်နာလာသည်။ နုတ်ပစ်မည် ဟုစိတ်ပိုင်းဖြတ်ပြီး ဆရာဝန်ပြသည်။ ရောင်နေသဖြင့် နုတ်မရသေးဟု ပြောပြီး အရောင် ကျဆေး ပေးလိုက်သည်။ ခုနစ်ရက်သောက်ပြီး အရောင်ကျမှ ပြန်ပြပါဟု ချိန်းလိုက်သည်။
အညှော်မိထားသော သွားဖုံးနှင့်သွားကို အမြန်အရောင်ကျစေရန် မန်းဆေးသိပ်ဖို့ ဆုံးဖြတ်လိုက်သည်။ စာရေးသူသုံးနေကျ မန်းဆေးမှာ အကင်းဆယ်ပါးဆေး (တိုင်းရင်းဆေးအမှတ်-၄၃) ဖြစ်ပါသည်။ ယင်းဆေးကို ပါးစောင်နှင့် သွားဖုံးကြားတွင် သိပ်ပေးထားလျှင် အနာသက်သာသည်။
အစာစားသောအခါ ကောင်းသောတခြားတစ်ဖက်ခြမ်းမှ သွားနှင့် စားသည်။ ဆေးထွက်ကျသွားလျှင် ပြန်သိပ်သည်။ တစ်နေ့လုံး မပြတ်အောင် သိပ်ထားသည်။ ညအိပ်ရာဝင်ချိန်မှာပင် သွားတိုက်၊ ပလုတ် ကျင်းပြီးသည်နှင့် ဆေးကို ပါးစောင်တွင်သိပ်ပြီး အိပ်လိုက် သည်။ နှစ်ရက်မျှ စိတ်ရှည်ရှည် သိပ်ပေးခြင်း ဖြင့် လုံးဝအရောင်ကျသွား သည်။ သွားလည်း နုတ်စရာမလိုတော့ပေ။
အကင်းဆယ်ပါးဆေးသည် အနာဝင်၊ အညှော်မိခြင်းအတွက်လည်း အလွန်ကောင်းသောဆေးဖြစ်သဖြင့် ဆေးနည်းကို ဖော်ပြလိုက်ပါသည်။
အကင်းဆယ်ပါး မန်းဆေး
၁။ ခွေးတောက်မြစ် ၁ ကျပ်သား
၂။ နနွင်းနွယ် ၁ ကျပ်သား
၃။ မြက်ပွေး ၁ ကျပ်သား
၄။ ပန်းရင်း ၁ ကျပ်သား
၅။ ပန်းလဲ ၁ ကျပ်သား
၆။ ပန်းနု ၁ ကျပ်သား
၇။ ပန်းဥ ၁ ကျပ်သား
၈။ ကန့်ဘလူဥ ၁ ကျပ်သား
၉။ ပဲနံ့သာ ၁ ကျပ်သား
၁၀။ ဥပသကာ ၁ ကျပ်သား
၁၁။ သစ်ကြံပိုး ၁ ကျပ်သား
၁၂။ ကံ့ကော်ဝတ်ဆံ ၁ ကျပ်သား
၁၃။ နံ့သာဖြူ ၁ ကျပ်သား
၁၄။ နံ့သာနီ ၁ ကျပ်သား
၁၅။ ဒန့်ဒကူးနီ ၁ ကျပ်သား
စုစုပေါင်းဆေးချိန် ၁၅ ကျပ်သား
ဤဆေးသည် ရှူ၊ လိမ်း၊ သောက် သုံးမျိုးရသော ဆေးဖြစ်သည်။ မှိုင်းရှူဆေးကဲ့သို့ စက္ကူနှင့်လိပ်ပြီး မီးရှို့ရှူနိုင်သည်။ မီးရှို့လျှင် မငြိမ်းဘဲ မွှေးကြိုင်သောရနံ့ ထွက်လာသည်။ ခေါင်းကိုက်ခြင်းနှင့် ဇက်ကြောတက်ခြင်းကို ချက်ချင်းသက်သာစေနိုင်သည်။ ညှော်နံ့ရလျှင် ဤဆေးကို မီးကျီးခဲပေါ်ဖြူးချပြီး ရှူပေးလျှင် ညှော်ဝင်အနာမန်း ငုပ်ခြင်းမှ ကာကွယ်သည်ဟု ရှေးဆရာကြီးများကဆိုသည်။
အနာရောင်၊ အနာရင်းလျှင် ရေအေးဖြင့် ဖျော်လိမ်းပါက အနာအရောင်ကျသည်။ သွားနာလျှင် သွားဖုံး အခြေတွင် ဆေးသိပ်ပေးပါက သက်သာစေသည်။
သောက်ဆေးအဖြစ် အနာဝင်၊ အနာရင်း ကိုက်ခဲခြင်းအတွက် ရေနွေး ပူပူဖြင့်ဖျော်ပြီး တစ်နေ့ သုံးကြိမ်၊ တစ်ကြိမ်လျှင် ဆေးတစ်မတ်သား (ကော်ဖီဇွန်း နှစ်ဇွန်း) သောက်ပေးလျှင် သက်သာစေနိုင်သည်။ အကင်း ဆယ်ပါးဆေးကို ပရဆေးဆိုင်များတွင် အလွယ်တကူဝယ်ယူရရှိနိုင်ပါ သည်။
အိမ်ရှင်မများအတွက် မီးဖိုချောင်သုံး မရှိမဖြစ်သော အိမ်သုံးဆားသည် သွားနာ၊ သွားကိုက်၊ သွားဖုံး ရောင်ရောဂါများအတွက် အကောင်း ဆုံးသောမန်းဆေးဖြစ်သည်။ လည်ချောင်းနာ၊ အာသီးရောင် ရောဂါရှိသူ များအတွက်လည်း အရောင်ကျစေသော ဆေးဖြစ်သည်။
ရေနွေးကြမ်း အဖန်ရည်တွင် ဆားလှော်အနည်းငယ်မျှခတ်သောက် လျှင် လေကိုကြေစေပြီး ဝမ်းချုပ်ခြင်း ကို ကာကွယ်သည်။ ဆားရည်ဖြင့် ညအိပ်ရာဝင်ချိန်တိုင်း အာလုတ်ကျင်းပေးသူသည် အသံကိုကောင်းစေ ပြီး လည်ချောင်း၊ ခံတွင်းသန့်ရှင်းကာ သွားများကိုလည်း ပိုမိုခိုင်ခံ့စေကြောင်း ရေးသား တင်ပြ လိုက်ရပါသည်။
ကြည်လွင်မြင့်(မုဒြာ)
#PAN