“ဗုဒ္ဓဝံသဒီပလိုမာတန်း စာမေးပွဲကျင်းပ”

(ပြည်တွင်း) နိုဝင်ဘာ ၁၇

မြန်မာနိုင်ငံလုံး အတိုင်းအတာဖြင့် သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ကကြီးမှူးပြီး ဗုဒ္ဓဝံသဒီပလိုမာတန်းစာမေးပွဲကို နိုဝင် ဘာလ ၂၄ ရက်၊ နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ ကျင်းပခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ဗုဒ္ဓဝံသဒီပလိုမာတန်းကို အသက် ၁၅ နှစ်နှင့်အထက် ရဟန်း၊ ရှင်သာမဏေ၊ သီလရှင်၊ လူပုဂ္ဂိုလ် မည်သူမဆို စာရင်းပေးသွင်းကာ ဝင်ရောက်ဖြေဆိုနိုင်ပြီး စာမေးပွဲကို ယခင်က တစ်နှစ်လျှင်နှစ်ကြိမ် ကျင်းပခဲ့သော်လည်း ၂ဝ၂၄ ခုနှစ်မှစတင်ပြီး နှစ်စဉ် နိုဝင်ဘာလတွင်(တစ်ကြိမ်တည်းသာ) ကျင်းပမှာဖြစ်ပါတယ်။

လေ့လာပြဋ္ဌာန်းကျမ်းစာကိုတော့ စာဖြေသူအားလုံးလေ့လာသိရှိနိုင်ရန် နှစ်စဉ်ထုတ်ဝေလျက်ရှိပြီး ဖြေဆိုရာတွင် အွန်လိုင်းမှ ဖုန်းဖြင့်(ကြိုတင်စာရင်းပေးသွင်းပြီး) သတ်မှတ်ချိန်အတွင်း ဝင်ရောက်ဖြေဆိုရတဲ့စနစ်ဖြစ်ပါတယ်။

နိုင်ငံ တကာစံနှုန်းနှင့်အညီ အဆင့်မီစွာလေ့လာဖြေဆိုနိုင်ပြီး အားသာချက်အနေနဲ့ မိမိဖြေဆိုခဲ့တဲ့ရလဒ်ကို ချက်ချင်းသိရှိ နိုင်ခြင်း၊ အောင်စာရင်းကိုနေ့ချင်းထုတ်ပြန်ပေးကာ မိမိနေအိမ်မှပင် လွယ်လင့်တကူဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။

အဆိုပါ စာမေးပွဲကို အဆင့်အားဖြင့် သုံးဆင့်ထားရှိပြီး ချီးမြှင့်ထုတ်ပြန်ပေးလျက်ရှိရာ ရမှတ် ၁ဝဝ မှ ၁၄၉ အထိ ရိုးရိုးအောင်၊ ရမှတ် ၁၅ဝ နှင့်အထက် ဂုဏ်ထူးအောင်ဟူ၍ သတ်မှတ်ထားကာ ဂုဏ်ထူးဖြင့်အောင်မြင်သူသည် နောက်တစ်ဆင့်ကို ထပ်မံဖြေဆိုခွင့်ရရှိမှာဖြစ်ပါတယ်။

ဒါ့အပြင် လာမယ့် ၂ဝ၂၅ ခုနှစ်မှာလည်း အဆင့်မြင့်ဒီပလိုမာတန်း ကို တိုးမြှင့်ပြဋ္ဌာန်းကာ ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

စုံစမ်းမေးမြန်းလိုပါက သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ရုံး(ဗဟို)၊ ဘုရင့်နောင်(၁)လမ်း၊ အမှတ်(၁ဝ)ရပ်ကွက်၊ ပုဂံလမ်းမ၊ ရွှေပေါက်ကံမြို့သစ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ဖုန်း ဝ၉-၄၅၁၁၅၃၅၈၅ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။