အမေရိကန်က ဒုံးကျည်ဖြန့်ကြက်ထားသည့်နေရာများ၌ ရုရှားကလည်း တာတိုနှင့်တာလတ်ပစ်ဒုံးကျည်များ ဖြန့်ကြက်ချထားမည်

(နိုင်ငံတကာ) နိုဝင်ဘာ ၂၆

     အမေရိကန်က ဒုံးကျည်များဖြန့်ကြက်ချထားသည့်နေရာများ၌ ရုရှားကလည်း တာတိုနှင့်တာလတ်ပစ် ဒုံးကျည်များကို ဖြန့်ကြက်ချထားမည်ဖြစ်ကြောင်း အထူးသဖြင့် အာရှ-ပစိဖိတ်ဒေသ၌ ထိုဒုံးကျည်များကို ဖြန့်ကြက်ချထား သွားမည်ဖြစ်ကြောင်း ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီယက်ကော့က ပြောသည်။

      ရုရှားနိုင်ငံအနေဖြင့် အာရှ ဒေသနိုင်ငံများ၌ တာတိုနှင့်တာလတ်ပစ်ဒုံးကျည်များ ဖြန့်ကြက်ချထားနိုင်ခြင်း ရှိ၊ မရှိကို သတင်းထောက်များက မေးမြန်းစဉ် ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ယခုကဲ့သို့ ပြောခြင်းဖြစ် သည်။ လက်ရှိတွင် ထိုသို့သောဒုံးကျည်များ ဖြန့်ကြက်ချထားခြင်းကို ခေတ္တဆိုင်းငံ့ထားသော်လည်း ပြန်လည်ဖြန့်ကြက်ခြင်း ရှိ၊ မရှိ ဆိုသည်မှာ အမေရိကန်၏ မူဝါဒအပေါ် များစွာမူတည်နေကြောင်း ဆာဂျီယက်ကော့ က နိုဝင်ဘာလ ၂၅ ရက်တွင် ပြောထားခြင်းဖြစ်သည်။

      ထို့ပြင် လက်ရှိအပြည်ပြည်ဆိုင်ရာ စည်းမျဉ်းစည်း ကမ်းများအရ ရုရှားနိုင်ငံ၏တာလတ်ပစ်ဒုံးကျည်အသစ်များဖြစ်သော Oreshnik ကို ဖြန့်ကြက်မည်ဆိုလျှင်လည်း မည်သည့်တားမြစ်ချက်မျှမရှိကြောင်း ဆာဂျီယက်ကော့ က ဆက်ပြောသည်။

       တစ်ချိန်တည်းမှာပင် ၁၉၉၈ ခုနှစ်တွင်ရရှိသည့် ရုရှားနှင့်အမေရိကန်တို့ကြား ဒုံးကျည် ပစ်လွှတ်မှုအတွက် အသိပေးရန် အပြန်အလှန်နားလည်မှု သဘောတူညီချက်မှာ အသက်ဝင်နေဆဲဖြစ်ကြောင်း၊ ထို့ကြောင့်ပင် မကြာသေးမီက ရုရှားကလုပ်ဆောင်သော Oreshnik ဒုံးကျည်ကို စစ်မြေပြင်သို့ စမ်းသပ် ပစ်လွှတ်မှုအား အမေရိကန်သို့ အသိပေးအကြောင်း ကြားခဲ့ခြင်းဖြစ်သည်ဟု ဆာဂျီယက်ကော့ က ပြော ထားကြောင်း Sputnik သတင်းဌာနတွင် ဖော်ပြထား သည်။

#PAN