အသည်းခြောက်ရောဂါအကြောင်း သိကောင်းစရာ

(ကျန်းမာရေး)နိုဝင်ဘာ  ၂၅

      PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟုသု တရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ အသည်းခြောက်ရောဂါအကြောင်း သိကောင်းစရာ ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

      အသည်းခြောက်ခြင်းဟာ အသည်းပျက်စီးခြင်းကြောင့် ဖြစ်ပေါ်တာ ဖြစ်ပါတယ်။ အသည်းခြောက်ခြင်းဟာ ရောဂါသေဆုံးနှုန်းအများဆုံး အကြောင်း ရင်း နံပါတ် ၁၂ မှာ ရှိနေပါတယ်။

      အသည်းခြောက်ခြင်းဟာ ကျန်းမာတဲ့ အသည်းတစ်ရှူးတွေနေရာမှာ အမာရွတ်တစ်ရှူးတွေနဲ့ အစားထိုးလိုက်တဲ့ ဖြည်းညင်းစွာ ဖြစ်ပေါ်လာတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ဒါဟာ အသည်းကို ကောင်းမွန်စွာ လုပ် ငန်းဆောင်တာဆောင်ရွက်နိုင်ခြင်းကနေ ကာကွယ်ပေးပါတယ်။ အမာရွတ်တစ်ရှူးတွေဟာ အသည်းကို သွေးဖြတ်သန်းစီးဆင်းမှုကို တားမြစ်ပြီး အာဟာရဓါတ်တွေ၊ ဟော်မုန်းတွေ သန့်စင်တဲ့ ဖြစ်စဉ်ကို နှောင့်နှေးစေပြီး အဆိပ်အတောက်တွေ ဖြစ်ပေါ်စေပါတယ်။ သူတို့ဟာ အသည်းကနေ ထုတ်လိုက်တဲ့ ပရိုတင်းနဲ့ အခြားအရာဝတ္ထုတွေ ထုတ်လုပ်ခြင်းကိုလည်း နှောင့်နှေးစေပါတယ်။

ဘယ်အရာတွေက အသည်းခြောက်ခြင်းကို ဖြစ်ပေါ်စေသလဲ

      အသည်းပျက်စီးခြင်းနဲ့ အသည်းခြောက်ရောဂါကို ဖြစ်စေနိုင်တဲ့ ရောဂါအခြေအနေအများ အပြား ရှိပါတယ်။ အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့ –
• အရက်ကို အလွန်အကျွံရေရှည်သောက်ခြင်း
• နာတာရှည်ဗိုင်းရပ်စ်ပိုးကြောင့် အသည်းရောင်ခြင်း (အသည်းရောင် ဘီနှင့် စီပိုး)
• အရက်ကြောင့် မဟုတ်သော အသည်းအဆီဖုံးခြင်း

      အခြားဖြစ်နိုင်တဲ့ အကြောင်းရင်းတွေကတော့
• မျိုးရိုးလိုက်သော သံဓါတ်များသောရောဂါ
• Cystic fibrosis (မျိုးရိုးလိုက်သော အရည်ထုတ်ဂလင်း ရောဂါတစ်ခုဖြစ်ပြီး အဆုတ်၊မုန့်ချိုအိတ်နှင့်အခြား ကိုယ်တွင်းအင်္ဂါများကို ထိခိုက်စေသည်)
• ကိုယ်ခန္ဓါအတွင်း ကော့ပါး စုပြုံခြင်း (Wilson’s disease)
• သည်းခြေပြွန် ကျဉ်းခြင်း
• သကြားဓါတ်ချေဖျက်ခြင်းနှင့် ပတ်သက်သော မွေးရာပါ ပုံမမှန်ခြင်းများ
• မွေးရာပါ အစာအိမ်လမ်းကြောင်း ဆိုင်ရာ ရောဂါများ (Alagille syndrome)
• ကိုယ်ခန္ဓါ ခုခံအားစနစ်ကြောင့် ဖြစ်သော အသည်းရောဂါ (autoimmune hepatitis)
• သည်းခြေပြွန် ပျက်စီးခြင်း (primary biliary cirrhosis)
• သည်းခြေပြွန် မာခြင်း၊ အမာရွတ်ဖြစ်ခြင်း
• Schistosomiasis လိုမျိုး ကူးစက်ရောဂါများ
• ဆေးများ (ဥပမာ – methotrexate)

အသည်းခြောက်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ

      အသည်းပျက်စီးမှု မများမချင်း အသည်းခြောက်ခြင်းမှာ လက္ခဏာ မရှိတတ်ပါဘူး။ ရောဂါလက္ခဏာတွေ ရှိခဲ့မယ်ဆိုရင်တော့ အောက်ပါအချက်တွေ ပါဝင်နိုင်ပါတယ်-
• ပင်ပန်းနွမ်းနယ်ခြင်း
• အလွယ်တကူ သွေးထွက်ခြင်း
• အညိုအမဲ စွဲလွယ်ခြင်း
• အရေပြား ယားယံခြင်း
• အသားဝါ၊ မျက်လုံး ဝါခြင်း
• ရေဖျဉ်းစွဲခြင်း
• ပျို့ခြင်း
• ခြေထောက်ဖောရောင်ခြင်း
• ကိုယ်အလေးချိန်ကျဆင်းခြင်း၊ ခေါင်းမူးခြင်း၊ စကားမပီခြင်း (အသည်းကြောင့် ဦးနှောက်ထိခြင်း)
• အရေပြားပေါ်မှာ ပင့်ကူအိမ်ကဲ့သို့သော သွေးကြောများ ဖြစ်ပေါ်ခြင်း
• လက်ဖဝါး နီရဲခြင်း
• အမျိုးသားတွေမှာ ဝှေးစေ့ ကျုံ့ခြင်း
• အမျိုးသားတွေမှာ ရင်သားကြီးလာခြင်း

အသည်းခြောက်ခြင်းကို ဘယ်လို ရောဂါရှာဖွေမလဲ

       အသည်းခြောက်ခြင်း အစောပိုင်းဟာ ရောဂါလက္ခဏာ မပြတတ်ပါဘူး။ များသောအားဖြင့် အသည်ခြောက်ခြင်းကို ပုံမှန် သွေးစစ်ဆေးမှု (သို့) အခြားစစ်ဆေးမှုတွေမှ တစ်ဆင့် တွေ့ရှိနိုင်ပါတယ်။ သင့်ဆရာဝန်က အသည်းခြောက်ခြင်းကဲ့သို့ အသည်းရောဂါ ရှိမရှိဆိုတာ သိရှိနိုင်ဖို့ ဓါတ်ခွဲခန်းစစ်ဆေးမှု တွေကို တစ်ခု (သို့) တစ်ခုထက်ပိုပြီး ပြုလုပ်စေနိုင်ပါတယ်။

ဓါတ်ခွဲခန်းစစ်ဆေးမှု

• အသည်းစစ်ဆေးခြင်း – သွေးမှာ bilirubin (သွေးသွင်းအဝါဓါတ်) အလွန်အကျွံများပြားလားခြင်း ကို ရှာဖွေခြင်းဖြစ်ပြီး သူဟာ သွေးနီဥ ပျက်စီးသွားရင် ထွက်လာတဲ့ အရာဖြစ်ပါတယ်။ အသည်းပျက်စီးမှုကို ဖေါ်ပြတဲ့ အင်ဇိုင်းတွေကိုလည်း ရှာဖွေနိုင်ပါတယ်။
• ကျောက်ကပ်စစ်ဆေးခြင်း – အသည်းခြောက်ခြင်းနဲ့ နောက်ပိုင်းအဆင့်တွေမှာ ကျောက်ကပ် လုပ်ငန်းဆောင်တာတွေ ကျဆင်းနိုင်တာကြောင့် သွေးတွင်း creatinine ပမာဏ ကို စစ်ဆေးနိုင်ပါတယ်။
• အသည်းရောင် ဘီပိုး နှင့် စီပိုး စစ်ဆေးခြင်း – သွေးမှာ အသည်းရောင်ပိုး ဘီနဲ့ စီကို စစ်ဆေးမှာ ဖြစ်ပါတယ်။
• သွေးခဲခြင်း – သွေးခဲနိုင်စွမ်း INR ကို စစ်ဆေးမှာ ဖြစ်ပါတယ်။

သင့်ဆရာဝန်က အသည်းခြောက်ခြင်းကို ထပ်မံသိရှိစေဖို့ အခြားစစ်ဆေးမှုတွေ ပြုလုပ်နိုင်ပါသေးတယ်

• Magnetic resonance elastography or transient elastography – ဒီနည်းဟာ အသည်းမာခြင်း၊ တောင့်နေခြင်းကို စစ်ဆေးပေးပြီး အသည်းအသားစ ယူနိုင်ခြေကို လျော့နည်းစေပါတယ်။
• အခြားပုံရိပ်ဖော်နည်းများ – အာထရာဆောင်း၊ ကွန်ပျူတာဓါတ်မှန်၊ သံလိုက်ဓါတ်မှန်တွေဟာ အသည်းပုံရိပ်တွေကို ဖန်တီးပေးနိုင်ပါတယ်။
• အသားစယူခြင်း – အသည်းခြောက်ခြင်းကို သိရှိနိုင်ဖို့ အသားစ ယူနိုင်ပါတယ်။ ဒါပေမယ့် သင့်ဆရာဝန်က ဒီနည်းကို အသည်းခြောက်ခြင်းရဲ့ ပြင်းထန်မှုနဲ့ အကြောင်းရင်းတွေကို ရှာဖွေဖို့ အသုံးပြုနိုင်ပါတယ်။

ကုထုံးများ

          အသည်းခြောက်တာကို ပျောက်အောင်ကုနိုင်တဲ့ ကုထုံးမရှိပါဘူး။ ကုထုံးရဲ့ ရည်ရွယ်ချက်က ရောဂါလက္ခဏာ သက်သာဖို့နဲ့ အသည်းခြောက်တာ ပိုမဆိုးသွားအောင် ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။ အရက်သောက်တာကို ရပ်လိုက်ဖို့ အရေးကြီးပါတယ်။ ကုထုံးတွေကတော့ –
●        ဆား ပါဝင်မှုနည်းသော အစားအစာများ စားသုံးခြင်း (သို့) ခန္ဓာကိုယ်ထဲမှာ စုပုံနေတဲ့ အရည်တွေ လျော့နည်းစေဖို့အတွက် ဆီးဆေးများ
●        အူမှ သွေးများကို အသည်းသို့ ပို့ဆောင်ပေးသော အဓိက သွေးပြန်ကြောတွင်းမှ သွေးဖိအားကို လျော့ကျစေဖို့အတွက် ဆေးဝါးများ
●        ရောဂါပိုး ဝင်ရောက်ခြင်းများကို ကုသရန် (သို့) ကာကွယ်ရန်ဆေးများ
●        ယားယံခြင်းကို သက်သာစေဖို့ လိမ်းဆေးများ

အသည်းခြောက်ရောဂါ ဖြစ်နေရင် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပြုစုစောင့်ရှောက်မလဲ

       အသည်းကို ထပ်ပြီး ထိခိုက်ပျက်စီးမှုတွေ မဖြစ်စေဖို့အတွက် ဆရာဝန် ညွှန်ကြားချက်တွေကို လိုက်နာဖို့ အရေးကြီးပါတယ်။ ဒီအချက်တွေထဲမှာ အရက် မသောက်ခြင်း၊ ဆားပါဝင်မှုနည်းသော အစားအစာများ စားခြင်း၊ ဆရာဝန်က ကိုယ်အလေးချိန် လျှော့ဖို့ပြောရင် လျှော့ခြင်းတို့ ပါဝင်ပါတယ်။
       အသည်းခြောက်နေသူတွေအတွက် အခြားနေထိုင်မှုပုံစံ အပြောင်းအလဲတွေကတော့ –
●        လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း
●        ရောဂါပိုးဝင်နိုင်ခြေတွေကို လျော့နည်းစေဖို့အတွက် တစ်ကိုယ်ရည် သန့်ရှင်းမှုရှိခြင်း
●        အသည်းခြောက်နေသူတွေမှာ အာဟာရချို့တဲ့တာ အဖြစ်များတဲ့အတွက် ကျန်းမာရေးနဲ့ ညီညွတ်သော အစားအစာများ စားသုံးခြင်း

ကာကွယ်ခြင်း

       အသည်းခြောက်ခြင်း မဖြစ်အောင် ကာကွယ်နိုင်တဲ့ အကောင်းဆုံး အရာကတော့ အရက် မသောက်ရန် (သို့) ထောက်ခံထားတဲ့ပမာဏသာ သောက်သုံးရန် ဖြစ်ပါတယ်။ အသည်းရောင် အသားဝါ C ပိုးနဲ့ B ပိုးတွေ ကူးစက်မခံရအောင် ကာကွယ်ဖို့လည်း အရေးကြီးပါတယ်။
(Crd: Hello ဆရာဝန် ၊ Dr Myanmar)

#PAN