သွားလာရေးနှင့်လူမှုရေးခက်ခဲသောဒေသများမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများကို ဆေးတက္ကသိုလ်ဝင်ခွင့်ခေါ်ယူ


(ပြည်တွင်း) နိုဝင်ဘာ ၂၂

သွားလာရေးနှင့် လူမှုရေးခက်ခဲတဲ့ဒေသတွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခုတို့မှ ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်တဲ့ကျောင်းသား၊ ကျောင်းသူတွေကို ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်လွှာခေါ်ယူတဲ့ အသိပေးကြေညာချက်ကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

နိုင်ငံတော်ကထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိတဲ့ သွားလာရေးနဲ့ လူမှုရေးခက်ခဲတဲ့ဒေသတွေနဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်နဲ့ ဝဒေသတို့မှ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို သိပ္ပံဘာသာတွဲနဲ့အောင်မြင်ပြီး ၆ ဘာသာစုစုပေါင်းရမှတ် ၄၅၀ နဲ့အထက်ရရှိသူတွေအနက် အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ ၃ ဘာသာ စုစုပေါင်းရမှတ် အများ/အနည်းပေါ်မူတည်ပြီး သတ်မှတ်ချက်တွေနဲ့ကိုက်ညီသူ တွေကို လူတွေ့နှုတ်မေးစာမေးပွဲစစ်ဆေးပြီး ဆေးတက္ကသိုလ်ဝင်ခွင့်အတွက် ရွေးချယ်ခေါ်ယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဝေးလံခက်ခဲတဲ့ဒေသတွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေရှိ စာစစ်ဌာနတွေမှ အောင်မြင်ပြီး သတ်မှတ်ချက်တွေနဲ့ ပြည့်စုံကာ ရမှတ်အကျုံးဝင်သူတွေဟာ နေပြည်တော်ရှိ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN