(စီးပွားရေး) နိုဝင်ဘာ ၂၂
နှစ်စဉ် ပြည်ပသို့ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိရာ လက်ရှိဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ အောက်တိုဘာလ ၃၁ ရက်အထိ ခုနစ်လတာကာလအတွင်း ပြည်ပသို့ ရေထွက်ကုန် ငါးမက်ထရစ်တန်ချိန် နှစ်သိန်းကျော် တင်ပို့နိုင်ခဲ့ ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။
အဆိုပါ ခုနစ်လတာကာလအတွင်း ပြည်ပသို့ ရေထွက်ကုန် ငါးတင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ်မှုမှ မက်ထရစ် တန်ချိန် ၉၈,၄၈ဝ ဒသမ ၆၂၂ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၃၁ ဒသမ ၅၃၁ သန်း၊ နယ်စပ်ကုန်သွယ်မှုမှ မက်ထရစ် တန်ချိန် ၁ဝ၂,ဝ၃၁ ဒသမ ၇ဝ၁ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၈၅ ဒသမ ၉၄၂ သန်း စုစုပေါင်း ရေထွက်ကုန် မက်ထရစ်တန်ချိန် ၂၀၀,၅၁၂ ဒသမ ၃၂၃ တန် တင်နိုင်ခဲ့ပြီး ၂၁၇ ဒသမ ၄၇၃ သန်း ရရှိခဲ့ပါတယ်။
ပြီးခဲတဲ့ ဘဏ္ဍာနှစ်ကာလတူက ပြည်ပသို့ ရေထွက်ကုန် ငါးတင်ပို့မှုအနေဖြင့် မက်ထရစ်တန်ချိန် ၁၄၇,၁၈၅ ဒသမ ၂၂၉ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၇၄ ဒသမ ၉ဝ၃ သန်း ရရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှ ရေထွက်ကုန်များကို ပြည်ပနိုင်ငံများဖြစ်တဲ့ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဂျပန် နိုင်ငံ စတဲ့ နိုင်ငံပေါင်း ၄ဝ ကျော်သို့ တင်ပို့လျက်ရှိသည့်အပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရိုက် တင်ပို့လျက်ရှိ ကြောင်း သိရပါတယ်။
#PAN