မြန်မာနိုင်ငံရဲ့ အဓိကခရီးသွားစျေးကွက်နိုင်ငံများနှင့်စပ်လျဉ်းပြီး အာဆီယံခရီးသွားလုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးခဲ့


(ပြည်တွင်း) နိုဝင်ဘာ ၂၀

မြန်မာနိုင်ငံ၏ အဓိကခရီးသွားစျေးကွက်နိုင်ငံများနှင့် အနာဂတ်မျှော်မှန်းချက်နှင့် စပ်လျဉ်း၍ အာဆီယံ ခရီးသွား လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အာဆီယံအပျော်စီးသင်္ဘော ခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၃ ရက်မှ ၁၅ ရက် စင်ကာပူနိုင်ငံမှာ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွား လုပ်ငန်းကော်မရှင်က ဦးဆောင်သည့် ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည် တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်း ကွန်ဖရင့်ကို စင်ကာပူနိုင်ငံခရီးသွားလုပ်ငန်းဘုတ်အဖွဲ့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါဆွေးနွေးပွဲကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က နိုဝင်ဘာလ ၁၃ ရက်မှာ အာဆီယံ ခရီးသွားလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ ခရီးသွားစျေးကွက်အလားအလာများနှင့် အာဆီယံခရီးသွားလုပ်ငန်းကဏ္ဍ မဟာဗျူဟာ-၂၀၃၀ ရေးဆွဲရာမှာ ထည့်သွင်းသင့်သည့်အချက်များကို အကြံပြု ဆွေးနွေးခဲ့ကြပါတယ်။

နိုဝင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်တို့မှာ ကျင်းပတဲ့ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်း ကွန်ဖရင့်သို့ စင်ကာပူနိုင်ငံနှင့် နိုင်ငံတကာမှ ကိုယ်စားလှယ် ၅၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။ ကွန်ဖရင့်မှာ နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များက ခရီးသွားလုပ်ငန်းနှင့် ခရီးစဉ်ဒေသများ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ စံနှုန်းများ ချမှတ်ရေးနှင့် ပါဝင်သက်ဆိုင်သူများအားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်တဲ့အချက်များကို ဆွေးနွေးခဲ့ကြပါတယ်။

နိုဝင်ဘာလ ၁၅ ရက် မွန်းလွဲပိုင်းမှာ အာဆီယံအပျော်စီးသင်္ဘော ခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး အပျော်စီးသင်္ဘောခရီးသွားလုပ်ငန်းများမှာ သဘာဝ ပတ်ဝန်းကျင်ရေရှည်ဖွံ့ဖြိုးရေးနှင့် စွမ်းအင်အသုံးပြုမှုလျှော့ချရေး အစီအစဉ်များအကြောင်း ဆွေးနွေးခဲ့ကြတဲ့အပြင် Marina Bay Cruise Centre Singapore နှင့် Singapore Cruise Centre အပျော်စီးသင်္ဘော ဆိပ်များသို့လည်း သွားရောက်လေ့လာခဲ့ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN