အသည်း ရောဂါများ အကြောင်း

(ကျန်းမာရေး)နိုဝင်ဘာ  ၁၇

      PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟုသု တရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ အသည်း ရောဂါများ အကြောင်း ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

       အသည်း ဆိုတာက ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအင်္ဂါတွေထဲမှာ အကြီးဆုံး အစိတ်အပိုင်း တစ်ရပ်ပါ။ ခန္ဓာ ကိုယ်က အစာတွေကို ချေဖျက်တဲ့နေရာမှာ ကူညီပေးသလို အင်အားတွေကို သိုလှောင်တာ၊ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားတာတွေကိုလည်း လုပ်ဆောင်ပါတယ်။

       အသည်းလေးက ခန္ဓာကိုယ် ကျန်းမာစေဖို့ ဘယ် လို တာဝန်တွေ ယူထားလဲဆိုတာနဲ့ အသည်းမှာ ဘယ် လို ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်လဲဆိုတာကို ဖော်ပြပေးသွားပါမယ်။

အသည်းက ခန္ဓာကိုယ်အတွက် ဘာတွေ လုပ်ပေးလဲ ………..

       ညဘက်ကိုယ်က နှစ်နှစ်ခြိုက်ခြိုက်အိပ်နေချိန်မှာ မနားမနေအလုပ်လုပ်နေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းလေးတစ်ခုရှိနေပါတယ်။ တိတ်တိတ်လေးအလုပ်လုပ်နေပမယ့် ခန္ဓာကိုယ်ကျန်းမာဖို့အတွက် အရေးပါတဲ့ အလုပ်တွေကိုလုပ်နေတာပါ။

        သူက ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်နေတဲ့သွေးတွေထဲက အဆိပ်အတောက် တွေကို ဖယ်ရှားပေးပြီး စားသုံးလိုက်တဲ့ထဲမှာပါတဲ့ အဆီတွေကို သိမ်းဆည်းထားပေးပါတယ်။ အစာခြေဖို့လိုအပ်တဲ့ သည်းခြေရည်တွေကိုထုတ်ပေးပါတယ်။ အဲဒီအင်္ဂါအစိတ်အပိုင်းလေးကတော့ အသည်း ဘဲဖြစ်ပါတယ်။

အသည်းမှာ ဘယ်လို ရောဂါတွေ ခံစားရနိုင်လဲ ……

       အသည်းက အလုပ်များသလို ထိခိုက်လည်း လွယ်ပါတယ်။ အလုပ်တာဝန် အများကြီးကို မနားမနေ ထမ်းဆောင်ပေးနေတဲ့ အသည်းလေးမှာ အခုလို ရောဂါတွေ ခံစားရနိုင်ပါတယ်။ အသည်း ရောဂါတွေကတော့ အများကြီးထဲမှာမှ အဖြစ်များတဲ့ အသည်းရောဂါတွေက –
ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ –
• အသည်းရောင် အသားဝါ အေ 
• အသည်းရောင် အသားဝါ ဘီ
• အသည်းရောင် အသားဝါ စီ


ဆေးဝါးတွေ၊ အဆိပ်အတောက်တွေ၊ အယ်လ်ကိုဟော အလွန်အကျွံ သောက်သုံးမှုတွေကြောင့် ဖြစ်တဲ့ –
• အသည်းအဆီဖုံးရောဂါ
• အသည်းခြောက်တာ
• အသည်းရွတ်နာ


ပြင်းထန်တဲ့ အသည်းရောဂါ တစ်ခုဖြစ်တဲ့ –
• အသည်းကင်ဆာ
မျိုးရိုးလိုက်တဲ့ အသည်း ရောဂါများ ဖြစ်ကြတဲ့ –
• hemochromatosis  လို့ခေါ်တဲ့ မွေးရာပါ သံဓာတ် လွန်ကဲစွာ စုပ်ယူမှုကြောင့် သံဓာတ်များပြီး အသည်း ထိခိုက်တာ
• Wilson disease တို့ပါ။

      အသည်းရောဂါ လက္ခဏာတွေက ရောဂါ အမျိုးအစားပေါ်လိုက်ပြီး ကွာခြားနိုင်ပေမယ့် ဗိုက်တွေ ဖောင်းကားလာတာ၊ ခြေလက်တွေ ရောင်တာ၊ ဆီး အရောင်ပြောင်းတာ၊ ဝမ်းအရောင် ပြောင်းတာ၊ အသားဝါတာ၊ မျက်ဖြူသား ဝါတာတွေကတော့ အသည်းရောဂါ အများစုမှာ အတူတူပါပဲ။

        တစ်ခါတလေ လက္ခဏာ မပြတာမျိုးလည်း ရှိနိုင်ပါတယ်။ ပုံရိပ်ဖော် စစ်ဆေးမှုတွေ၊ အသည်းရဲ့ လုပ်ဆောင်မှုကို စစ်ဆေးတဲ့ စမ်းသပ်မှုတွေကနေ တဆင့် အသည်း ထိခိုက် ပျက်စီးတာကို သိနိုင်သလို အသည်း ရောဂါတွေကိုလည်း သိရှိနိုင်ပါတယ်။

အသည်းထိခိုက်နေပါပြီလား …….

      အသည်းက ခန္ဓာကိုယ် ကောင်းကောင်းရပ် တည်နိုင်ဖို့ ထောက်မပေးထားတဲ့ ယက်မကြီးပေါ့။ အသည်း မကောင်းတော့ဘူးဆိုရင် ထိခိုက်လာမှာကအများကြီးပါ။ တကယ်လို့ သင့်မှာ ဒီလို လက္ခဏာတွေခံစားနေရပြီဆိုရင် အသည်းအတွက်လိုအပ်မယ့် ကုသမှုတွေကို ချက်ချင်းလုပ်ဖို့ လိုနေပါပြီ။
• ဝမ်းဗိုက်ဖောလာမယ်
• မောပန်းလွယ်လာမယ်
• မအီမသာဖြစ်မယ်
• အားမရှိသလိုခံစားရမယ်
• အဆီများတဲ့ အစားတစ်ခုခုစားပြီးတိုင်း ခေါင်းကိုက် မယ်
• လေပွမယ်
• ဝက်ခြံတွေထွက်မယ်
• နှင်းခူလိုမျိုး အရေပြားပြဿာနာတွေဖြစ်မယ်
• ခြေသည်းလက်သည်းတွေဝါမယ်
• စိတ်တိုလွယ်မယ်
• အာရုံစိုက်ရခက်လာမယ်
• အသားနဲ့ မျက်လုံးအဖြူသားတွေဝါလာမယ်။

ဘယ်သူတွေမှာ အသည်း ရောဂါတွေ ပိုဖြစ်နိုင်လဲ …..

      ဒီလို ​အချက်ရှိ သူတွေက အသည်းထိခိုက်နိုင်ခြေပိုများပါတယ်။
• ရောဂါအခံတစ်ခုခုရှိတဲ့သူ
• ဆီးချိုရောဂါရှိသူ
• အသည်းရောင်အသားဝါပိုးကူးစက်ခံထားရသူ
• အရက်သောက်တတ်သူ
• ဆေးလိပ်သောက်တတ်သူ
• တစ်ဆင့်ခံဆေးလိပ်ငွေ့ထိတွေ့နေသူတွေ
• အဆိပ်အတောက်ဖြစ်စေနိုင်တဲ့အရာတွေနဲ့ ထိတွေ့သူတွေ
• အဝလွန်နေသူတွေ
• အသည်း ရောဂါခံစားရဖူးတဲ့ မျိုးရိုးရှိသူတွေမှာ အသည်း ထိခိုက်နိုင်ခြေက အခြားသူတွေထက်ပိုများနေနိုင်ပါတယ်။

အသည်း ကျန်းမာစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲ ……..

      အသည်းကို ထိခိုက်စေနိုင်တဲ့အချက်တွေက တော် တော်လေးတော့ များပါတယ်။ ကျန်းမာရေးပြဿနာတွေ၊သောက်သုံးရတဲ့ဆေးဝါးတွေ၊ ဘဝနေထိုင်မှုပုံစံ၊ ပတ်ဝန်းကျင်အနေအထားတွေ အားလုံးလိုလိုက အသည်းကို ထိခိုက်စေနိုင်ပါတယ်။
• အသည်း ကျန်းမာမှလည်း ခန္ဓာကိုယ်တစ်ခုလုံးက ကျန်းမာမှာဆိုတော့ အသည်း ကျန်းမာဖို့ ဒီအချက်လေးတွေကို လုပ်ဆောင်ပေးဖို့ လိုပါမယ်။အရက် သေစာသောက်သုံးမှုကိုလျှော့ပါ။
• နေ့စဉ် အာဟာရမျှတတဲ့ အစားအသောက်တွေစားသုံးပေးပါ။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ အမျှင်ဓာတ်ပါတဲ့ အစားအစာတွေစားသုံးပေးပါ။
• ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါ။
• လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။
• မူးယစ်ဆေးဝါးသုံးစွဲတာမျိုးမလုပ်ပါနဲ့။
• ဆေးထိုးအပ်တွေမျှမသုံးပါနဲ့။
• ကာကွယ်ဆေး ထိုးပါ။
• အဆီ များတာတွေ မစားပါနဲ့။
• ပုံမှန် စစ်ဆေးမှု လုပ်ပေးပါ။
• သွားပွတ်တံတွေ၊ မုတ်ဆိတ်ရိတ်ဓားတွေကို သီးသန့်ထားအသုံးပြုပါ။ မျှမသုံးပါနဲ့။
• အကာအကွယ်မပါဘဲ လိင်မဆက်ဆံပါနဲ့။

      အသည်းရောဂါများအကြောင်း သိပြီဆိုရင် ကိုယ့်ကိုယ်ကို အသည်းရောဂါများ အန္တရာယ်ကနေ ကာကွယ်ကြဖို့လိုပါတယ်။ ဆက်လက်ပြီး အသည်း နဲ့ပတ်သက်ပြီး ကျန်းမာရေးဗဟုသုတတွေကို ဖော်ပြပေးသွားပါအုံးမယ်။
(Crd: Hello ဆရာဝန်)

#PAN