လက်ရွေးစင်အသင်းနဲ့အတူ ဂိုးပါဝင်ပတ်သက်မှုအများဆုံးနဲ့ နိုင်ပွဲအများဆုံးကစားသမားအဖြစ် စီရော်နယ်ဒို မှတ်တမ်းတင်

(အားကစား)နိုဝင်ဘာ ၁၇

      ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒို ဟာ ယူအီးအက်ဖ်အေနေးရှင်းလိဂ်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ပေါ်တူဂီ အသင်းနဲ့ ပိုလန်အသင်းတို့ပွဲစဉ်မှာ သွင်းဂိုးနှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပေါ်တူဂီအသင်းမှာ ဂိုးပါဝင်ပတ်သက်မှု အများဆုံးနဲ့ နိုင်ပွဲအများဆုံးကစား သမားအဖြစ် မှတ်တမ်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ကြောင်း သိရပါတယ်။

     ယူအီးအက်ဖ်အေနေးရှင်းလိဂ်ပွဲစဉ်အဖြစ် ကစားခဲ့ရတဲ့ ပေါ်တူဂီအသင်းက ပိုလန်အသင်းကို ငါးဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ စီရော်နယ်ဒို က ပွဲချိန် ၇၂ မိနစ်မှာ ပင်နယ်တီမှတစ်ဆင့် ပထမဂိုးသွင်းယူနိုင်ခဲ့ကာ ပွဲချိန် ၈၇ မိနစ်တွင် လှပတဲ့နောက်ပြန်ကန်ချက်ဖြင့် ဒုတိယဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲချိန် ၈၃ မိနစ်မှာ အသင်းဖော် နက်တို ရဲ့ သွင်းဂိုးကို ဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့ပြီးနောက် မှတ်တမ်းကောင်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

      စီရော်နယ်ဒို အနေနဲ့ ပိုလန်အသင်းနဲ့ပွဲစဉ်မှာ နှစ်ဂိုးသွင်းယူပြီး တစ်ကြိမ်ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့ကာ ပေါ်တူဂီ အသင်းနဲ့ ပြိုင်ပွဲစုံသွင်းဂိုး ၁၃၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃၆ ကြိမ် ဂိုးပါဝင်ပတ်သက်မှု ၁၇၁ ကြိမ် ရှိလာခဲ့လို့ သွင်းဂိုး ၁၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅၇ ကြိမ် စုစုပေါင်း ဂိုးပါဝင်ပတ်သက်မှု ၁၆၉ ကြိမ်ဖြင့် ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ မက်ဆီ ကိုကျော်ဖြတ်ပြီး နိုင်ငံလက်ရွေးစင်အသင်းအတွက် ဂိုးပါဝင်ပတ်သက်မှု အများဆုံးကစား သမားအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီအသင်းက ပိုလန်အသင်းကို အနိုင်ရရှိခဲ့လို့ စီရော်နယ်ဒို အနေနဲ့ ပေါ်တူဂီအသင်းနဲ့အတူ ပြိုင်ပွဲစုံနိုင်ပွဲ ၁၃၂ ပွဲအထိ ရှိလာခဲ့ပါတယ်။

      စပိန်အသင်းကစားသမား ရာမို့စ် ကို တစ်ပွဲအသာဖြင့် ကျော်ဖြတ်ပြီး နိုင်ငံလက်ရွေးစင် အသင်းအတွက် နိုင်ပွဲအများဆုံးကစားသမားအဖြစ်ပါ ရပ်တည်နိုင်ခဲ့တဲ့အပြင် ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ပြိုင်ပွဲစုံ သွင်းဂိုး ၉၁၀ ပြည့်မြောက်ခဲ့ပြီး ကစားသမားဘဝ ဂိုးပေါင်း ၁,၀၀၀ ပြည့်မီဖို့ နီးစပ်လာခဲ့ပြီဖြစ်ပါတယ်။

#PAN