ဘုရားသုံးဆူမြို့အတွင်း DKBA တပ်ဖွဲ့ဝင်များ မြို့တွင်းသို့ လက်နက်ခဲယမ်းကိုင်ဆောင်သွားလာခြင်း ခွင့်မပြုရန်အမိန့်ထုတ်

(ပြည်တွင်း) နိုဝင်ဘာ ၁၃

ဘုရားသုံးဆူမြို့အတွင်း DKBA တပ်ဖွဲ့ဝင်များ မြို့တွင်းသို့ လက်နက်ခဲယမ်းကိုင်ဆောင်သွားလာခြင်းအပါအဝင် အချက် ၁၂ အား ခွင့်မပြုရန် အမှတ်(၂)နည်းဗျူဟာရုံး လေးဝဖလိုးရုံးမှ အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။

ဘုရားသုံးဆူမြို့မှ DKBAတပ်ဖွဲ့၀င်များ လိုက်နာရန်ထုတ်ပြန်သော သီးသန့်ထုတ်ပြန်သည့်အမိန့်စာတွင် ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA) တပ်ဖွဲ့ဝင်၊ လက်အောက်ခံတပ်ရင်းတပ်ဖွဲ့နှင့် စစ်ကြောင်းများ အားလုံးသည် ဤအမိန့်စာ ထုတ်ပြန်သည့် နေ့မှစ၍ တာဝန်မှအပ မြို့တွင်းသို့ လက်နက်ခဲယမ်းကိုင်ဆောင်သွားလာခြင်း ခွင့်မပြုပါကြောင်းပါရှိသည်။

ယင်းအမိန့်စာတွင် တာဝန်ချိန်မှအပ မြို့တွင်းသို့ ယူနီဖောင်း/လက်နက်/ခဲယမ်းကိုင်ဆောင်သွားလာခွင့်မပြုရ။ DKBA တပ်ဖွဲ့ဝင်များ မြို့တွင်းသို့ ဝင်ရောက်လိုပါက (DKBA) ဆက်ဆံရေးရုံးသို့ အသိပေး အကြောင်း ကြားရမည်။ DKBA တပ်ဖွဲ့ဝင်အားလုံးသည် အရပ်ဝတ်ဖြင့် လက်နက်ကိုင်ဆောင်သွားလာခြင်း လုံးဝ(လုံးဝ)မပြုရ။ DKBA တပ်ဖွဲ့ဝင်များ မြို့ထဲသို့ ဈေးဝယ်လိုပါက စစ်ဝတ်စုံနှင့် လက်နက်ခဲယမ်းကိုင်ဆောင် ခြင်း မပြုရ။ DKBA တပ်ဖွဲ့ဝင်များအနေဖြင့် မြို့တွင်း၌ ဆူပူရမ်းကားခြင်း/ လက်နက်ဖြင့်ခြိမ်းခြောက်ခြင်း မပြုလုပ်ရစသည်ဖြင့်ပါရှိသည်။

ထို့ပြင် DKBAတပ်ဖွဲ့ဝင်များ မြို့တွင်းသို့ အကြောင်းအမျိုးမျိုးဖြင့် .. ဈေးဝယ်လိုပါကစစ်သည်ရဲဘော်များအား ဆက်ဆံရေးရုံးတွင် ထားခဲ့ရန်။ D.K.B.A တပ်ဖွဲ့ဝင်များ မော်တော်ယာဉ်(မဆို) မြို့ထဲတွင် အရှိန်ပြင်းစွာ မောင်းနှင်ခွင့်မပြုရ။ DKBA တပ်ဖွဲ့ဝင်များ စစ်ဝတ်စုံဖြင့်စားသောက်ဆိုင်/ အရက်ဆိုင်တွင်ထိုင်ခြင်း/စားသောက်ခြင်း မပြုရ။ D.K.BA တပ်ဖွဲ့ဝင်များ ခွင့်(သို့)တာဝန်ဖြင့် ခရီးသွားလိုပါက ခရီးသွားလက်မှတ်ကိုင်ဆောင်ရမည်။ စစ်ဆေးရန်လိုအပ်ပါက ထုတ်ပေးရမည်။မြို့တွင်းသို့ မိမိ၏ စစ်ဝတ်စုံအား အရပ်တစ်ပိုင်း/စစ်တစ်ပိုင်း လုံးဝ(လုံးဝ)မဝတ်ရ။ D.K.BA တပ်ဖွဲ့ဝင်နှင့် ပြည်သူတို့အကြား မှုခင်းကိစ္စများ ဖြစ်ပေါ်လာပါက မိမိသဘောဖြင့်ဖြေရှင်းခြင်းမပြုဘဲ DKBA ဆက်ဆံရေးရုံးမှ တင်ပြပြီးဖြေရှင်း ပေးရမည်ဟုလည်းပါရှိသည်။

အဆိုပါထုတ်ပြန်ချက် အမိန့်ပါ စည်းကမ်းချက်များကို လိုက်နာကျင့်သုံးခြင်းမရှိပါက ထိရောက်စွာ အရေးယူခြင်း ခံရမည်ဟု DKBA အမှတ် ၂ နည်းပညာမှူး DKBA ဗိုလ်မှူးကြီးစောအေ၀မ်းမှ လက်မှတ်ရေးထိုးထုတ်ပြန်ထားသည်။

#PAN