(ပြည်တွင်း) နိုဝင်ဘာ ၁၂
မည်သည့်ဘဏ်မျှ ပိတ်သိမ်းရတဲ့ အခြေ အနေ၊ ပိတ်သိမ်းရန်အစီအစဉ် လုံးဝမရှိတဲ့အပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ ငွေစက္ကူများ ဖျက်သိမ်းခြင်း၊ အသစ်ထုတ်ဝေခြင်းများကို ပြုလုပ်ရန်အစီအစဉ်မရှိကြောင်း ဗဟိုဘဏ်မှ နိုဝင်ဘာလ ၁၀ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသော၊ ငွေရေးကြေးရေး နှင့် ငွေရေးကြေးရေး ဈေးကွက် တည်ငြိမ်ရေးကို မလိုလားသူများမှ Social Media Platform ဖြစ်သည့် Facebook Group များတွင် Profile အတုများ၊ Lock ချထားသော Profile များ၊ အမည်မဖော်ဘဲ Anonymous participant အမည်များ အသုံးပြု၍ မြန်မာ့ ငွေစက္ကူအချို့ ဖျက်သိမ်းနိုင်ဖွယ် ရှိနေကြောင်း၊ အသစ်များအစားထိုးဖွယ်ရှိနေကြောင်း၊ ဘဏ်များပိတ်သိမ်း တော့မည်ဖြစ်ကြောင်း စသည်ဖြင့် တည်ငြိမ်လျက်ရှိသောငွေကြေးကဏ္ဍကို ပျက်စီးစေရန် လုပ်ကြံရေးသားလျက် ရှိတယ်လို့ ဗဟိုဘဏ်မှ ထုတ်ပြန်ထားပါတယ်။
ထိုသို့ အခြေအမြစ်မရှိတဲ့ သတင်းမှားများဖြင့် ပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်စေရန် မကြာခဏ လုပ်ကြံရေးသားလျက်ရှိပြီး မြန်မာ့ဘဏ်လုပ်ငန်းစနစ် ကမောက်ကမဖြစ်စေရန်၊ နိုင်ငံခြားငွေများအပေါ်ဈေး ကစားရန်၊ ကုန်ဈေးနှုန်း ကြီးမြင့်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးစနစ်တည်ငြိမ်မှုကို ပျက်ပြားစေလိုတဲ့ ရည်ရွယ်ချက်များနဲ့ သတင်းတု၊ သတင်းယောင်၊ သတင်းမှားများ ရေးသားဖြန့်ဝေလျက်ရှိသော လူပုဂ္ဂိုလ်များ၊ Page/ Group များရဲ့ Admin များကို တည်ဆဲ ဥပဒေများနှင့်အညီ အရေးယူနိုင်ရန်အတွက် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။
အထက်ပါကိစ္စရပ်များနှင့် ပတ်သက်ပြီးပြည်သူလူထုများ အမှန်အတိုင်းသိရှိစေရန်အတွက် ဗဟိုဘဏ် website မှာ ရှင်းလင်းဖော်ပြခဲ့ပြီးဖြစ်သလို အများပြည်သူများအနေနဲ့ မလိုလားအပ်တဲ့ ဆုံးရှုံးနစ်နာမှုများ မဖြစ်ပေါ်စေရေးအတွက် ပြင်ပမှဖြန့်ဝေလျက်ရှိတဲ့ ကောလာဟလသတင်းများကို ယုံကြည်မှုမရှိကြရန်နှင့် ဗဟိုဘဏ် မှ တရားဝင်ထုတ်ဝေထားတဲ့ ငွေစက္ကူများကို ယုံကြည်စိတ်ချစွာသုံးစွဲနိုင်ပြီး ဗဟိုဘဏ်မှတရားဝင်ခွင့်ပြုချက် လိုင်စင်ရရှိထားတဲ့ ဘဏ်များ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့်သာ ငွေကြေးနှင့်ပတ်သက်သော ဝန်ဆောင်မှုများ ဖြစ်တဲ့ ငွေအပ်နှံခြင်း၊ ငွေလွှဲပြောင်း/ လက်ခံခြင်းစတဲ့ ငွေကြေးဝန်ဆောင်မှုများကို ယုံကြည်စိတ်ချစွာရယူနိုင်တယ်လို့ ဗဟိုဘဏ်မှ ထုတ်ပြန်ထားပါတယ်။
Telegram»…
https://t.me/positiveanglenews