(ကျန်းမာရေးကဏ္ဍ)နိုဝင်ဘာ ၉
PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟုသု တရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ Vitamin D အကြောင်းသိကောင်းစရာများအကြောင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
ဗီတာမင် D ကို လိုအပ်လို့ ဆေးညွှန်းနဲ့ သောက်ကြတာလဲ ရှိသလို တချို့ကလဲ ကိုယ့်သဘောနဲ့ကိုယ် ဖြည့်စွက်စာ အနေနဲ့ သောက်ကြပါတယ်။
ဗီတာမင်ဒီက ဘာကောင်းကျိုးတွေရနိုင်သလဲ? ဗီတာမင် D က အဓိကအားဖြင့်တော့ သွားနဲ့ အရိုး ကျန်းမာရေးအတွက် အလွန်အကျိုးပြုပါတယ်။ ဒါ့အပြင် ကိုယ်ခံအားကောင်းစေခြင်း၊ နှလုံးကျန်းမာရေးကို အထောက်အပြုခြင်းအပါအဝင် တခြားသော ကောင်းကျိုးတွေ အများကြီးရှိပါသေးတယ်။
ဗီတာမင်ဒီ က တကယ်လိုအပ်သလား?ဗီတာမင်ဒီ လိုအပ်ချက်ဟာ အသက်အရွယ် ၊ကျန်းမာရေးအနေ အထား အစားအသောက် နေထိုင်တာတွေနဲ့ သက်ဆိုင်နေတာကြောင့် လူတစ်ဦးနဲ့ တစ်ဦး ကွဲပြားနိုင်ပါတယ်။ တချို့လူတွေမှာတော့ နေရောင်ခြည်နဲ့ အစားအစာက ရတဲ့ဗီတာမင်ဒီဟာ လုံလောက်တာကြောင့် အပြင်ကနေ ထပ်မံဖြည့်စွက်စရာ မလိုပေမယ့် တချို့သော ဗီတာမင်ဒီ ချို့တဲ့သူတွေမှာတော့ ဗီတာမင်ဒီလိုအပ်ပါတယ်။ ဗီတာမင် ဒီ ချို့တဲ့ရင် အရိုးနှင့်သက်ဆိုင်တဲ့ ရောဂါတွေ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။
ဒါဆို ဗီတာမင် D သောက်ချင်တယ် သောက်ရမလား?? တစ်နေ့တာ သင့်တော်တဲ့ ပမာဏဆို သောက်လို့ရပါတယ်။
အသက်အရွယ်အလိုက် ဗီတာမင်ဒီ လိုအပ်ချက်ကတော့
မွေးစမှ တစ်နှစ် = 400 IU
နှစ်မှ ၁၃ နှစ် = 600 IU
၁၄ နှစ်မှ ၁၈ နှစ် = 600 IU
၁၉ နှစ်မှ ရဝ နှစ် = 600 IU
ရ၁ နှစ်နှင့် အထက် = 800 IU
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် = 600 IU တို့ပဲဖြစ်ပါတယ်။
ဗီတာမင်ဒီသောက်လို့ အန္တရာယ်ရှိနိုင်လား ဆိုးကျိုးရှိနိုင်လား??
ရှိနိုင်ပါတယ်။ အထူးသဖြင့် လိုတာထက်ပိုပြီး ပမာဏများများသောက်သုံးမိရင်ပေါ့။ Covid 19 ကာလမှာ လူတော်တော်များများဟာ ဆရာဝန်ညွှန်ကြားချက်မပါပဲ Vitamin D ကို ပမာဏများစွာ နေ့စဉ်သောက်သုံးနေကြတာကိုတွေ့ရပါတယ်။ ဒါဟာ ရေရှည်မှာ vitamin D toxicity ဖြစ်စေနိုင်တာကြောင့် အန္တရာယ်ရှိနိုင်ပါတယ်။
ဒါကြောင့် vitamin D ကို သောက်ချင်တယ်ဆိုရင် နေ့စဉ်တကယ်လိုအပ်တဲ့ပမာဏဖြစ်တဲ့ 400-800 IU (10-20 mcg) လောက်ပဲ သောက်သုံးသင့်ပါတယ်။ ယခုဆိုရင် ဈေးကွက်ထဲမှာ Vitamin D 1000 IU ပါဝင်တဲ့ brand အမျိုးမျိုးကို အလွယ်တကူဝယ်ယူနိုင်ပြီး ထိုပမာဏဟာ တစ်နေ့တာအတွက် သင့်တော်လုံလောက်ပါတယ်။ ဗီတာမင်ဒီ ပမာဏ 4000 IU ထက်ပိုမိုသောက်သုံးခြင်းဟာ ရေရှည်အတွက် ဆိုးကျိုးများနိုင်ကြောင်း သုတေသနတော်တော်များများက တွေ့ရှိထားပါတယ်။
ဒါဆို ဈေးကွက်ထဲက vitamin D ပမာဏအများအပြားပါဝင်တဲ့ ဆေးတွေကရော ဘယ်လိုလူတွေအတွက်လဲ??
အထူးသဖြင့် အကြောင်းကြောင်းကြောင့် Vitamin D ချို့တဲ့ပြီး high dose လိုအပ်သူများအတွက်ပါ။ ထိုသူများဟာ မသောက်ခင်မှာ ဆရာဝန်နဲ့တိုင်ပင်ပြီး သွေးစစ်သင့်ပါတယ်။ သွေးတွင်းမှာရှိတဲ့ ဗီတာမင်ဒီ ပမာဏကို ဆန်းစစ်ပြီး လိုအပ်မှသာ ပမာဏများများ သောက်သုံးသင့်ပါတယ်။
ဗီတာမင်ဒီကို ဆေးအနေနဲ့ မသောက်ချင်ရင် တခြားဘယ်ကရနိုင်မလဲ??
ဗီတာမင်ဒီ ဟာ နေရောင်ခြည်ကနေ ရနိုင်တဲ့အပြင်အစားအစာများ အထူးသဖြင့် အသား အဆီထူငါး၊ အသည်း၊ ဥအမျိုးမျိုး၊ အစေ့အဆံနဲ့ ပဲနို့ ကနေလဲ ရနိုင်ပါသေးတယ်။
ဗီတာမင်ဒီဟာ ကိုဗစ်ကာကွယ်ကုသနိုင်သလား?
ယခုအချိန်ထိ လေ့လာတွေ့ရှိချက်များအရ ဗီတာမင်ဒီဟာ ကိုဗစ်ကာကွယ်ရာမှာ ကုသရမှာ အသုံးဝင်ပါတယ်ဆိုတဲ့ ရလဒ်မတွေ့ရှိသေးပါဘူး။
(Crd; SarPhat)
#PAN