(နိုင်ငံတကာ) နိုဝင်ဘာ ၉
အမေရိကန်သမ္မတရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သော ရီပတ်ဘလင်ကန်ပါတီ သမ္မတလောင်း ဒေါ်နယ်ထရန့် ကို ရုရှားသမ္မတ ပူတင် က နိုဝင်ဘာလ ၇ ရက်တွင် ဂုဏ်ပြုစကားပြောကြားခဲ့ကြောင်း သိရသည်။
ယခုနှစ် ဇူလိုင်လအတွင်း ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ဘတ္တလာမြို့၌ ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ် လုပ်ကြံမှုအတွင်း ဒေါ်နယ်ထရန့် အနေဖြင့် ယောကျ်ားပီပီသသတုံ့ပြန်ခဲ့ကြောင်း သမ္မတ ပူတင် က ဆိုချီမြို့၌ ကျင်းပခဲ့သော အခမ်းအနားတစ်ခုတွင်ပြောကြားခဲ့သည်။
ထို့ပြင် ရုရှားအစိုးရအနေဖြင့် ရွေးကောက်ပွဲအနိုင်ရ ရီပတ်ဘလင်ကန်သမ္မတလောင်း ဒေါ်နယ်ထရန့် နှင့် ဆွေးနွေးရန်လည်း အသင့်ရှိကြောင်း သမ္မတ ပူတင် က ပြောကြားခဲ့သည်။
ရုရှားသမ္မတသည် အမေရိကန်သမ္မတရွေးကောက်ပွဲ ပြီးဆုံးပြီးနောက် ဒေါ်နယ်ထရန့် ၏ အနိုင်ရလဒ်နှင့် ပတ်သက်၍ ၎င်း၏သဘောထားကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာလ ၅ ရက်တွင် ကျင်းပခဲ့သည့် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရီပတ်ဘလင်ကန်သမ္မတလောင်း ဒေါ်နယ်ထရန့် က ပြိုင်ဘက်ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ် ကို အနိုင်ရခဲ့သည်။
ဒေါ်နယ်ထရန့် အနေဖြင့် သမ္မတရွေးကောက် ပွဲ အနိုင်ရခဲ့ပါက ရုရှားနှင့်ယူကရိန်းကြား ဖြစ်ပွားနေသည့် စစ်ပွဲကို ၂၄ နာရီအတွင်း ရပ်တန့်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားထားသည်။
Telegram»…
https://t.me/positiveanglenews