(ပြည်တွင်း) နိုဝင်ဘာ ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နိုဝင်ဘာ ၇ ရက်မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ကူမင်းမြို့၌ ကျင်းပပြုလုပ်သည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးအပါအဝင် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်လာသည့် ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarn Shinawatra နှင့် ကူမင်းမြို့ရှိ WyndhamGrand ဟိုတယ်၌ တွေ့ဆုံဆွေးနွေးသည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ခွဲခြား၍ မရသည့် အိမ်နီးချင်း မိတ်ဆွေကောင်းနိုင်ငံများဖြစ်ပြီး တစ်နိုင်ငံ၏အရေးကိစ္စသည် တစ်နိုင်ငံအပေါ်သက်ရောက်မှုရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနှင့် အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးမြှင့်တင် ဆောင်ရွက်သွားနိုင်မည့် အခြေအနေ များ၊ အလုပ်သမားဆိုင်ရာကိစ္စရပ်များ၊နှစ်နိုင်ငံ ဝန်ကြီးဌာနအချင်းချင်းနှင့်ဌာနဆိုင်ရာအချင်းချင်းတို့အကြား ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာ နိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့် ချမှတ်ထားသည့် ဦးတည်ချက်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြကြောင်း သိရသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ထိုင်းနိုင်ငံတို့မှ ဝန်ကြီးချုပ်တို့သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews