(နိုင်ငံတကာ) နိုဝင်ဘာ ၇
ဒေါ်နယ်ထရမ့်အနိုင်ရခဲ့ပြီးနောက် အနောက်နိုင်ငံတွေဟာ ရုရှားအပေါ် ပိတ်ဆိုထားမှုတွေက အမေရိကန်က ပြန်ရုတ်သိမ်းမလားဆိုတဲ့အချက်ကို ဆွေးနွေးနေကြပြီလို့ သိရပါတယ်။
ဒါ့အပြင် နေတိုးအဖွဲ့ကနေ အမေရိကန်နုတ်ထွက်မှာ၊ ယူကရိန်းအတွက် အကူအညီတွေကို ရပ်တန့်ပစ်လိုက်မှာကိုလည်း သုံးသပ်နေကြတယ်လို့ သိရပါတယ်။
အမေရိက အကျိုးစီးပွားအတွက်ကိုပဲ ရှေးရှုမယ်လို့ ကြွေးကြော်ထားတဲ့ ထရမ့်ကြောင့် ဒီလိုတွေဖြစ်လာမှာကို စိုးရိမ်နေသူအများအပြားရှိကြပြီး၊ အထူးသဖြင့် ယူကရိန်းအတွက် စိုးရိမ်စရာတွေဖြစ်လာနေပြီး အမေရိကန်ဆီကသာ အကူအညီတွေမရခဲ့ရင် ရုရှားနဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ အပူတပြင်း အဖြေရှာရတော့မှာလည်း ဖြစ်ပါတယ်။
ရုရှားကတော့ ထရမ့် ရဲ့အောင်ပွဲကြောင့် အမေရိကန်နဲ့ ဆက်ဆံရေးတင်းမာနေမှုတွေကို ဖယ်ရှားနိုင်မယ်လို့ ယုံကြည်ကြောင်းကိုလည်း ပြောဆိုထားပါသေးတယ်။
အမေရိကန်သမ္မတရာထူးကို စတင်တာဝန်ထမ်းဆောင်ချိန်မှာပဲ ဂါဇာစစ်ပွဲကို ပြီးဆုံးစေချင်တယ်လို့ ဒေါ်နယ်ထရမ့်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို ပြောဆိုခဲ့တယ် လို့ Times of Israel က ဖော်ပြခဲ့ပါတယ်။ လာမယ့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီအတွင်းမှာ ထရမ့်က ၄၇ ဆက်မြောက် အမေရိကန်သမ္မတအဖြစ် တာဝန်ကိုစတင်ယူရ မှာလည်း ဖြစ်ပါတယ်။
ဂါဇာနဲ့ လက်ဘနွန်မှာ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဆောင်ဖို့အတွက်လည်း ဒေါ်နယ်ထရမ့်က နေတန်ယာဟုကို တိုက်တွန်းပြောဆိုခဲ့တယ်လို့ ဟီဘရူးဘာသာနဲ့ သတင်းတင်ဆက်နေတဲ့ Ma’Ariv သတင်းဌာနက ဆိုထားပါတယ်။ ဒါဟာ စစ်ပွဲတွေကို အမြန်ဆုံးရပ်တန့်ဖိုအတွက် ထရမ့်ကပြောဆိုခဲ့တာလို့ယူဆရပါတယ်။
လာမယ့်နေ့ရက်တွေနဲ့ ရက်သတ္တပတ်တွေအတွင်း ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ အစိုးရအဖွဲ့ကို စတင်ရွေးချယ်မှု ပြုလုပ်မယ်လို့ အကူးအပြောင်းဦးဆောင်အဖွဲ့က အိမ်ဖြူတော်ကို ပြောဆိုလိုက်တယ်လို့ သိရပါတယ်။ အမေရိကန်ရဲ့ အသက်ကို တတ်နိုင်သမျှ ဘေးကင်းလုံခြုံစေမယ့် မူဝါဒတွေကို ချမှတ်မယ့် ပုဂ္ဂိုလ်တွေကို ရွေးချယ်မယ်လို့လည်း အဆိုပါအဖွဲ့က ပြောဆိုခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews