ရွေးကောက်ပွဲ နောက်ဆုံးနေ့အထိ သမ္မတလောင်းနှစ်ဦး အနေအထားက မတိမ်းမယိမ်းဖြစ်နေ


(နိုင်ငံတကာ) နိုဝင်ဘာ ၅

ဒီနေ့ကျင်းပနေတဲ့ ရွေးကောက်ပွဲအကြို နောက်ဆုံးအချိန်တွေမှာ ကာမာလာဟဲရစ်က မဲဆွယ်ဖို့ အားထုတ်ရာမှာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် ဂါဇာစစ်ပွဲကို ရပ်တန့်နိုငအောင် ကြိုးစားပေးမယ်ဆိုပြီး ကတိပြုခဲ့ထားပါတယ်။

တဖက်မှာလည်း ဒေါ်နယ်ထရမ့်က နောက်ဆုံးသတ်မှတ်ထားတဲ့အချိန်ထိ ဆက်တိုက်ဆိုသလို မဲဆွယ်စည်းရုံးမှုတွေကို အရှိန်တင်ကာ လုပ်ဆောင်ခဲ့ပါသေးတယ်။ အမေရိကန်ပြည်သူ ၇၈ သန်းအထိ ကြိုတင်မဲတွေ ပေးထားကြတယ်လို့လည်း သိရပါတယ်။

အမေရိကန်ရွေးကောက်ပွဲဟာ ဘယ်သူအနိုင်ရမလဲဆိုတာကို သိရဖို့အတွက် သီတင်းပတ်နဲ့ချီပြီးတော့ ကြာမြင့်နိုင်တယ်လို BBC ရဲ့ ဆောင်းပါးတပုဒ်က ဆိုပါတယ်။ ရွေးကောက်ပွဲ နောက်ဆုံးနေ့အထိ သမ္မတလောင်းနှစ်ဦး အနေအထားက မတိမ်းမယိမ်းဖြစ်နေတာမို့ ခန့်မှန်းရခက်နေကြပါတယ်။

၂၀၂၀ ရွေးကောက်ပွဲတုန်းကတော့ နိုဝင်ဘာလ ၃ ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး နိုဝင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းအထိကို ဘယ်သူအနိုင်ရလဲဆိုတာ မကြေညာခဲ့ကြနိုင်ပါဘူး။ အဓိကအားဖြင့်တော့ အစဉ်အလာအရ အရေးပါတဲ့ ပြည်နယ်ကမဲတွေကိုပဲ စောင့်ဆိုင်းရမှာဖြစ်ပြီး သမ္မတအဆုံးအဖြတ်ကိုလည်း အဲဒီပြည်နယ်က မဲတွေကပဲ အဖြေထုတ်ပေးမှာပါ။

BBC ကတော့ အရီဇီုးနား၊ မီရှီဂန်၊ နီဗားဒါး၊ မြောက်ကယ်ရိုလိုင်းနား၊ ပန်ဆေဗေးနီးယားနဲ့ ၀စ္စကွန်ဆင်ပြည်နယ်တွေက မဲတွေကို စောင့်ကြည့်ရမယ်လို့ သုံးသပ်ထားပါတယ်။ တကမ္ဘာလုံးအတိုင်းအတာအရ စိတ်ဝင်စားမှုကိုရရှိတဲ့ ရွေးကောက်ပွဲဖြစ်လို့လည်း အားလုံးက စိတ်ဝင်တစားနဲ့ အချိန်ပြည့်စောင့်ကြည့်နေပြီး ပြည်နယ်တခုချင်းစီအလိုက် ရလဒ်တွေကို ဖော်ပြကာ ခန့်မှန်းရတာကလည်း စိတ်လှုပ်ရှားစရာ အပြည့်ရှိနေဦးမှာပါ။

Telegram»…
https://t.me/positiveanglenews

PAN