အမေရိကန်က ဒုံးကျည်ကာကွယ်ရေးဖျက်သင်္ဘောများနှင့် B-52 ဗုံးကြဲ လေယာဉ်များကို အရှေ့အလယ်ပိုင်း ဒေသသို့စေလွှတ်

(နိုင်ငံတကာ) နိုဝင်ဘာ ၃

     အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်ရေးမြင့်မားစေရန်၊ အမေရိကန်နှင့် မဟာမိတ်များ၏ အကျိုး စီးပွားများကို ကာကွယ်ရန်တို့အတွက် နောက်ထပ်စစ်လက်နက်များကို စေလွှတ်ဖြန့်ကြက် ထားကြောင်း နိုဝင်ဘာလ ၁ ရက်တွင် ထုတ်ပြန်ထားသည်။ အဆိုပါစစ်လက်နက်များတွင် အမြင့်ပျံဒုံး ကျည်ကာကွယ်ရေးဖျက်သင်္ဘောများ၊ တိုက် လေယာဉ်အုပ်များ၊ ဝေဟင်ဆီဖြည့်လေယာဉ်နှင့် B-52 တာဝေးဗုံးကြဲလေယာဉ်များပါဝင်သည်။

       အရှေ့အလယ်ပိုင်းဒေသမှ USS Abraham Lincoln လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ် ပြန်လည်ထွက်ခွာသည်နှင့်တစ်ပြိုင်နက် ထိုစစ်လက် နက်များကို ဖြန့်ကြက်သွားမည်ဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသတွင် အင်အားကြီးနိုင်ငံများဖြစ်သော အီရန်နှင့် အစ္စရေးတို့ကြား တင်းမာမှုများ တစ်နေ့တစ်ခြား မြင့်တက်လာနေစဉ် အမေရိကန်က ယခုကဲ့သို့ စစ်လက်နက်များကို တိုးမြှင့်ဖြန့်ကြက်နေခြင်း ဖြစ်သည်။

      အမေရိကန်သည် အစ္စရေး၌ THAAD လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ဖြန့်ကြက်ရန် လုပ်ဆောင်နေစဉ်မှာပင် ယခုစစ်လက်နက်များကို ဖြန့်ကြက်လာခြင်းဖြစ်သည်။ ထိုသို့စစ်လက်နက်များ ဖြန့်ကြက် ခြင်းက အရှေ့အလယ်ပိုင်းဒေသတွင် အလွှာလိုက် လေ ကြောင်းရန်ကာကွယ်ရေးစနစ်ကို အကောင်အထည် ဖော်ရန်ဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

       ဒုံးကျည်ကာကွယ်ရေးစနစ်၊ တာဝေးတိုက်ခိုက်ရေးစွမ်းရည်၊ လေကြောင်းအရေးသာမှု၊ ဝေဟင်ဆီဖြည့်မှုတို့ ပါဝင်နေသော ဘက်စုံစစ်အင်အား ဖြန့် ကြက်မှုသည် ရန်သူများကို အဟန့် အတားဖြစ်စေရန်သာမက တိုက်ရိုက် သတင်းစကားပေးလိုခြင်းလည်းဖြစ်ကြောင်း သိရသည်။

#PAN