“စန်းသော်တာ”ရွှေဆိုင်တွင် ဓားထောက်လုယက်သူ   အမျိုးသား (၁)ဦး ဖမ်းဆီးရမိ

(ပြည်တွင်း)နိုဝင်ဘာ ၃

     ရန်ကုန်တိုင်းဒေသကြီး၊ထန်းတပင်မြို့၊အမှတ် (၂) ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ “စန်းသော်တာ” ရွှေဆိုင်တွင် ယနေ့နံနက်က  အမည်မသိ အမျိုးသား (၁)ဦးမှ ဓားထောက်လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

       နံနက် ၇ နာရီ ၅၀ မိနစ် အချိန်ခန့်က  ဦးအောင်လွင် (၆၁)နှစ်၊ (ဘ)ဦးစိုးမြင့်၊ အမှတ်(၂) ရပ်ကွက်၊ အမှတ် (၂၂၇)၊ ဘုရင့်နောင်လမ်း၊ ထန်းတပင်မြို့သူ ပိုင်ဆိုင်သော “စန်းသော်တာ”ရွှေဆိုင်တွင်   အမည်မသိ အမျိုး သား (၁)ဦးမှ ရွှေဆိုင်အတွင်းသို့ ဝင်ရောက်လာပြီး ရွှေလက်စွပ်ဝယ်ယူရန် ပြောဆိုသဖြင့် ဆိုင်အရောင်း စာရေးဝန်ထမ်းဖြစ်သူ မချိုချိုဝင်းမှ ရွှေထည် လက် စွပ်ပစ္စည်းများအား ထုတ်ယူပြသခဲ့ရာ အမည်မသိအမျိုး သားမှ ကြည့်ရှုပြီးနောက် ၎င်း ခါးကြားတွင် အသင့်ပါလာသော အရိုး(ကော်အရိုးတက်)(၃) လက်မခွဲ၊ အသွား (၄)လက်မခွဲ၊ အရိုးအသွား (၈)လက်မခန့်ရှိ ဓားဦးချွန်(မီးဖိုချောင်သုံး) စတီးဓါး(၁)ချောင်းဖြင့် ရွှေဆိုင်ပိုင်ရှင် ဦးအောင်လွင်၏ လည်ပင်းအားဓါးဖြင့်ထောက်၍ “မလှုပ်နဲ့ထိုးလိုက်မည်”ရွှေထည်ပစ္စည်းများ ပေး” ဟု ချိန်ရွယ်ပြောဆိုသဖြင့် ဦးအောင်လွင်မှ “မလုပ်နဲ့” ဟု ပြောဆိုစဉ် ရွှေဆိုင်အရှေ့ရှိ ရွှေဆိုင်လုံခြုံ ရေးတာဝန်ခံ ဦးကံချွန်နှင့် ထန်းတပင်မြို့မရဲစခန်းမှ နယ်မြေလှည့်ကင်းဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များမှ ဆိုင်အတွင်းသို့ ဝင်ရောက်ပြီး ဆိုင်ပိုင်ရှင်အား ဓါးဖြင့်ထောက်ထားသည့် အမည်မသိအမျိုးသား (၁)ဦးအား ဆိုင်အတွင်းသို့ ဝင်ရောက် လုံးထွေးဖမ်းဆီးခဲ့ရကြောင်း သိရသည်။

      ထိုသို့ ဖမ်းဆီးစဥ် ဆိုင်ပိုင်ရှင် ဦးအောင်လွင်တွင် ဝဲဘက်လက်ဖဝါး ပြတ်ရှဒဏ်ရာ (၂)ချက်၊ ယာဘက်လက်သန်း ပြတ်ရှဒဏ်ရာ (၁)ချက်၊ ယာဘက်လက် သန်းကြွယ်ပြတ်ရှဒဏ်ရာ(၁)ချက်(မစိုးရိမ်ရ) ရရှိခဲ့ပြီး ထန်းတပင်မြို့နယ်ပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

       အဆိုပါ ရွှေဆိုင်အား ဓားထောက်လုယက်သူမှာ ပြည့်စုံထွန်း (၁၉)နှစ်၊ (ဘ)ဦးစိုးသူ၊ မှတ်ပုံတင် (မရှိ)၊ဗမာ/ဗုဒ္ဓ၊ ကျပန်း၊ ထိန်နှစ်ပင်ကျေးရွာ၊ ထိန်နှစ်ပင်အုပ်စု၊ ထန်းတပင်မြို့နယ်နေသူဖြစ်ကြောင်း သိရှိရပြီး ၎င်းအား ထန်းတပင်မြို့မရဲစခန်းသို့ ဖမ်းဆီး ခေါ်ဆောင်ခဲ့ပြီး ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#PAN