(မှု့ခင်း) နိုဝင်ဘာ ၂
နေပြည်တော်၊ ပျဥ်းမနားမြို့၊ စိုက်သိပ္ပံကျောင်းဝန်းအတွင်းရှိ နေအိမ်တွင်နေထိုင်သည့် ဝန်ထမ်းအမျိုးသမီးအား အမျိုးသားတစ်ဦးမှ သတ်ဖြတ်နေသဖြင့် သွားရောက်ကြည့်ရှုခဲ့သည့် စိုက်သိပ္ပံကျောင်းအုပ်ဆရာမကြီးလည်း ဓားဖြင့် ခုတ်ခံရကြောင်း သိရသည်။
ယနေ့နံနက် ၄ နာရီအချိန်ခန့်က ပျဥ်းမနားမြို့ ၊ စိုက်သိပ္ပံကျောင်းအုပ်ကြီး ဒေါ်ဝင်းရီ သည် နေအိမ်၌အိပ်နေစဉ် ၎င်းအိပ်ခန်းမျက်နှာချင်းဆိုင် ယာဘက်အိပ်ခန်းတွင် အိပ်နေသူ မအွန်စော၊ အသက် ၂၂ နှစ်၊ (ဘ)ဦးကျော်စွာထွန်း၊ ကွင်းဆင်းလက်ထောက်၊ စိုက်သိပ္ပံဝန်ထမ်း လိုင်းခန်းနေသူမှ ဆရာမကြီးကယ်ပါ ဟုအော်သံကြား သဖြင့် ဒေါ်ဝင်းရီမှ အိပ်ယာမှနိုးပြီး သွားရောက်ကြည့်ရှု့ရာ မအွန်စော အခန်းထဲမှ မျိုးမင်းသူ၊ အသက် ၁၉ နှစ်၊ (ဘ)ဦးမြင့်နိုင် စိုက်သိပ္ပံဒုတိယနှစ်ကျောင်းသား၊ မြို့သစ် တောင်ပိုင်း၊ မြို့မ(၁)ရပ်ကွက်၊ ဇေယျဝတီမြို့၊ ဖြူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးနေသူသည် အခန်းအတွင်းမှထွက်လာပြီး ဒေါ်ဝင်းရီအား မအော်နဲ့ ဟုပြောဆိုပြီး မျိုးမင်းသူမှာ မီးဖိုချောင်အခန်းဘက်သို့သွားစဉ် ဒေါ်ဝင်းရီမှ မအွန်စောအခန်းသို့ဝင်ကြည့်ရာ ၎င်းခန္ဓာကိုယ်တွင်သွေးများ ပေနေသည်ကိုတွေ့ရှိရပြီး အခန်းအတွင်းမှ ပြန်ထွက်စဉ် မျိုးမင်းသူမှာ မီးဖိုချောင်အခန်းအတွင်းမှ စတီးဓါးပြားကိုင်ဆောင်လာပြီး ဒေါ်ဝင်းရီ၏ ဦးခေါင်းအား ဓါးဖြင့် ၃ ချက်ခုတ်သဖြင့် ဒေါ်ဝင်းရီမှ မင်းလိုချင်တာ ပေးမယ်မလုပ်ပါနဲ့ ဟု တောင်းပန်ပြီးနောက် ၎င်းအိပ်ခန်းအတွင်းသို့ ဝင်ရောက်ကာ ပိုက်ဆံအိတ်အားဖွင့်စဉ် မျိုးမင်းသူမှာ ပိုက်ဆံအားယူထားပြီးကြောင်းပြောစဉ် ဒေါ်ဝင်းရီမှ မင်းကိုလည်း ငါမသိဘူး၊ ဘယ်သူမှလည်းမပြောဘူး ဟု ပြောဆိုရာ မျိုးမင်းသူမှ အပြင်သို့ထွက်သွားစဉ် ဒေါ်ဝင်းရီမှ အိမ်ရှေ့အဝင် တံခါးသော့ခ်အား မျိုးမင်းသူထံပစ်ပေးခဲ့သည်ဟု သိရသည်။
ဒေါ်ဝင်းရီမှ သော့ခ်သော်လည်း မျိုးမင်းသူမှ အပြင်သို့မထွက်ဘဲ တံခါးအနီးရှိဓါးမအားယူဆောင်ကာ ဒေါ်ဝင်းရီအနီးသို့လာရောက်သဖြင့် ဒေါ်ဝင်းရီမှ မလုပ်ပါနဲ့ဟု ပြောဆိုပြီး အိပ်ခန်းအတွင်းသို့ဝင်ရောက်ရာ မျိုးမင်းသူမှ အနောက်မှလိုက်လာပြီး ခင်ဗျားကျုပ်ကိုမှတ်မိ သွားပြီဆိုတော့ သရဏဂုံသာတင်ထားတော့ ဟုပြောဆိုကာ ဓါးမနှင့် ခုတ်သဖြင့် ဒေါ်ဝင်းရီတွင် ဦးခေါင်းအလယ်ပြတ်ရှဒဏ်ရာ ၂ ချက်၊ ယာပုခုံး ပွန်းခြစ်ဒဏ်ရာ ၂ ချက်၊ ရင်ဘတ်ယာဘက်ပွန်းခြစ်ဒဏ်ရာ ၂ ချက်တို့ ရရှိပြီး ဒေါ်ဝင်းရီမှ ၎င်းဝတ်ဆင်ထားသည့် စိန် ၁ ပွင့်ပါ ရွှေအလေးချိန် ၄ ပဲသားရှိ လက်စွပ်အား ချွတ်ပေးခဲ့ပြီးတောင်းပန်ခဲ့ရာ ၎င်းလက်စွပ်အားယူခဲ့ပြီး အိမ်အတွင်းမှ ပြန်ထွက်သွားခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူ ဒေါ်ဝင်းရီနှင့် မအွန်စောတို့မှာ ပျဥ်းမနားမြို့ခုတင်(၂၀၀)ဆေးရုံသို့ နံနက် ၄ နာရီ ၂၀ မိနစ် အချိန်ဆေးကုသရန် သွားရောက်ခဲ့ကြောင်း၊ မအွန်စောမှာ ရရှိဒဏ်ရာများနှင့် သေဆုံးသွားခဲ့ကြောင်း၊ ဒေါ်ဝင်းရီမှာ (မစိုးရိမ်ရ/ပြင်ပလူနာ)အဖြစ် ဆေးကုသမှုခံယူခဲ့ပြီး နေအိမ်သို့ပြန်၍ စစ်ဆေးရာအိပ်ခန်းထဲရှိ ဘီဒိုအတွင်းမှ ငွေ ၇ သိန်းကျပ်၊ ပိုက်ဆံအိတ်အတွင်းမှ ငွေ ၂ သိန်းကျပ်နှင့် စိန် ၁ ပွင့်ပါ ရွှေအလေးချိန် ၄ ပဲသားရှိ ရွှေလက်စွပ် ၁ ကွင်း၊ ကာလတန်ဖိုး ၂၄ သိန်းကျပ်အား ယူဆောင် သွားကြောင်း သိရသည်။
.
မျိုးမင်းသူအား အရေးယူပေးရန် ဒေါ်ဝင်းရီမှ တိုင်တန်းခဲ့ရာ၊ ပျဥ်းမနာမြို့မရဲစခန်း (ပ)၃၅၇/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ဆက်လက်ပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းမှ တရားခံ ဖမ်းဆီးရမိရေး ဖြန့်ခွဲ ပိတ်ဆို့စုံစမ်းခြင်း၊ ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီကျော်အချိန်ခန့်တွင် ဘောဂသီရိကားဝန် နေကြယ်မင်းကားဂိတ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews