(ပြည်တွင်း)အောက်တိုဘာ ၃၁
အခုဘဏ္ဍာနှစ် ဧပြီလကနေ အောက်တိုဘာ လ ၁၅ ရက်အထိ ပြည်ပကို အမေရိကန်ဒေါ်လာသန်း ၃၅၀ ကျော် တန်ဖိုးရှိတဲ့ ရေထွက်ကုန် ပစ္စည်း တန်ချိန် ၂ သိန်း ၇ သောင်းကျော် တင်ပို့ထားတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။
တင်ပို့မှုအနေနဲ့ ရေကြောင်းနဲ့ လေကြောင်းကနေတစ်ဆင့် အမေရိကန်ဒေါ်လာ ၂၂၃ သန်းဖိုး ရှိတဲ့ တန်ချိန် ၁ သိန်း ၃ သောင်းကျော် တင်ပို့ခဲ့ပြီး မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ကျိုင်းတုံ၊ ကျိုင်းလပ်၊ မောတောင် စတဲ့ နယ်စပ် ကုန်သွယ်ရေး စခန်းတွေကနေတစ်ဆင့် တင်ပို့နေပါတယ်။
ရေထွက်ကုန်ပစ္စည်း တင်ပို့မှုအနေနဲ့ တရုတ်နဲ့ ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၃၀ လောက်ကို တင်ပို့နေတာဖြစ်ပြီး ဆော်ဒီအာရေးဗီးယား နိုင်ငံကို တင်ပို့နိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကတော့ ပြည်ပနိုင်ငံတွေကို ရေထွက်ကုန် ပစ္စည်းတန်ချိန် ငါးသိန်းကျော် တင်ပို့ခဲ့ကာ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ရရှိခဲ့ပြီး အခုဘဏ္ဍာနှစ်မှာ ပိုမိုတင်ပို့နိုင်ဖို့ ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်းရှင်တွေ နဲ့ ပြည်ပပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေ ပူးပေါင်းဆောင် ရွက် နေတယ်လို့ သိရပါတယ်။
#PAN