(ပြည်တွင်း) အောက်တိုဘာ ၂၉
အလုပ်သမားဝန်ကြီးဌာနမှ သတ်မှတ်ထားတဲ့ အလုပ်အကိုင်ဆိုင်ရာ အထောက်အထားနဲ့ ၎င်းတို့သက်တမ်းရှိ PV အမျိုးအစားကို PJ အမျိုးအစား နိုင်ငံကူးလက်မှတ် လျှောက်ထားလာပါက အောက်တိုဘာလ ၂၈ ရက်မှ စတင်ကာ လက်ခံဆောင်ရွက်ပေးသွားမယ်လို့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့က အသိပေးထုတ်ပြန် လိုက်ပါတယ်။
ပြည်ပနိုင်ငံများသို့ အလုပ်သွားရောက်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများအနေနဲ့ Passport for Job (PJ) အမျိုးအစား လျှောက်ထားရမယ့်အစား Passport for Visit (PV) အမျိုးအစား နိုင်ငံကူးလက်မှတ်များလျှောက်ထားပြီး ထွက်ခွာကြတာကြောင့် လေဆိပ်မှာ အဆင်မပြေမှုများဖြစ်ပေါ်နေမှုကြောင့် ယခုကဲ့သို့ PV မှ PJ သို့ နိုင်ငံကူးလက်မှတ် အမျိုးအစားပြောင်းလဲ၍ လျှောက်ထားလာပါက လက်ခံဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်လိုသူ မြန်မာနိုင်ငံသားများအနေနဲ့ ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (OWIC)နှင့် အလုပ်အကိုင်အတွက် ထုတ်ပေးသည့် PJ အမျိုးအစားပတ်စ်ပို့ (Passport for Job) တို့ကို လျှောက်ထားပြီးမှသာ သွားရောက်အလုပ်လုပ်ကိုင်ကြဖို့ အလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့တဲ့ဩဂုတ်လ ၁၄ ရက်က ထုတ်ပြန်အသိပေးထားပါတယ်။
နိုင်ငံကူးလက်မှတ် Passport for Visit(PV) အမျိုးအစားကိုင်ဆောင်ကာ အလုပ်အကိုင်ဗီဇာများ လျှောက်ထား ရယူပြီး ပြည်ပသို့ထွက်ခွာရာမှာ အပြည်ပြည် ဆိုင်ရာလေဆိပ်၊ နယ်စပ်ဂိတ်များမှ စိစစ်တားမြစ်ခြင်း များခံရပါက မလိုလားအပ်တဲ့ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ရည်ရွယ်ထားရှိပါက နိုင်ငံကူးလက်မှတ် စတင်လျှောက်ထားရာမှာ PJ အမျိုးအစားပတ်စ်ပို့ကို လျှောက်ထားရယူကြရန်နှင့် အလုပ်သမား ဝန်ကြီးဌာနတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ပအလုပ်သမားအဖြစ် မှတ်ပုံတင်ပြီး ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်(OWIC)ကို လျှောက်ထားရယူကာ တရားဝင်သွားရောက် လုပ်ကိုင်ကြရန် အလုပ်သမား ဝန်ကြီးဌာနမှ တိုက်တွန်းထားပါတယ်။
Telegram»…
https://t.me/positiveanglenews