ညောင်ခါးရှည်ဂိတ်တွင် X Ray ဂိတ်တွင် ခရီးသည်တင်မှန်လုံယာဉ်ငယ်ပေါ်မှ လက်နက်နှင့် ကျည်ဆံများ စစ်ဆေးတွေ့ရှိ


(မှုခင်း) အောက်တိုဘာ ၂၉

ယမန်နေ့ နေ့လည် ၂ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ညောင်ခါးရှည်ဂိတ်တွင် X Ray စက်ဖြင့် မော်တော်ယာဉ်များကို စစ်ဆေးနေစဉ် မော်လမြိုင်ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော “သိင်္ဂီအောင်” ခရီးသည်တင် မှန်လုံယာဉ်ငယ်ပေါ်မှ လက်နက်နှင့် ကျည်ဆံများ စစ်ဆေးတွေ့ရှိကြောင်း သိရသည်။

အဆိုပါ “သိင်္ဂီအောင်” ခရီးသည်တင် မှန်လုံယာဉ်ကို အသက် ၄၇ နှစ်အရွယ် ယာဉ်မောင်း ကျော်စိုးဝင်း မောင်းနှင်ပြီး အသက် ၄၃ နှစ်အရွယ် ယာဉ်နောက်လိုက် အောင်ကျော်စိုး လိုက်ပါလာသည့် ယာဉ်အမှတ် MGY-5 6Q-8397 King Long အမျိုးအစား မှန်လုံယာဉ်ငယ်ကို စစ်ဆေးရှာဖွေရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို့သို့ စစ်ဆေးရှာဖွေရာတွင် ယာဉ်၏ နောက်ပိုင်း ကုန်ပစ္စည်းများနှင့် ရောနှောတင်ဆောင်လာသည့် လူမဲ့တန်ဆာ ကိုမင်းထိုက် ပျော်ဘွယ် အမည်နှင့် ဖုန်းနံပါတ်များပါရှိသည့် အဝါရောင် ဆာလာအိတ်အတွင်း ကတ်ထူစက္ကူဂျပ်ဖာဖြင့်ထည့်ထားသော အမြင့် ၁၅ လက်မခန့်၊ လုံးပတ် ၁၉ လက်မခန့်ရှိ အဖြူရောင် ပလပ်စတစ် ပုံး နှင့် အပြာရောင် အဖုံးဖြင့် ပိတ်ထားသည့် အမြင့် ၁၄ လက်မခန့်၊ လုံးပတ် ၂၈ လက်မခန့်ရှိ အဖြူရောင် ပလပ်စတ်ပုံး အတွင်းတို့မှ ရေချိုငါးပိများနှင့် ရောနှောထားပြီး အဝါရောင်တိတ်၊ ခဲစက္ကူများဖြင့် ပိတ်လျက် ၄၀ မမ သေနတ် ၁ လက်၊ ၄၀ မမကျည် ၅ တောင့်၊ 380 Auto ကျည် ၅၀ တောင့် တို့ကို ရှာဖွေတွေ့ရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကိုစစ်မေးရာ အဆိုပါလက်နက်/ခဲယမ်းများကို ကော့ကရိတ်မြို့နယ်၊ ထိုးကော်ကိုး တောင်ခြေရှိ “သိင်္ဂီအောင်” ကားဂိတ်မှ ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားဝင်း၊ ပကွင်းရှိ “သိင်္ဂီအောင်” ကားဂိတ်သို့ ပို့ဆောင်ရန် လူမဲ့တန်ဆာ တင်ဆောင်ပေးလိုက်ခြင်းဖြစ်ပြီး ရန်ကုန်ကားဂိတ်မှ လူမဲ့တန်ဆာပေါ်၌ ပါရှိသည့် ဖုန်းနံပါတ်၊ လိပ်စာအတိုင်း ပျော်ဘွယ်မြို့သို့ ဆက်လက်ပို့ဆောင်မည်ဖြစ်ကြောင်းသိရပြီး လုံခြုံရေးအဖွဲ့မှ ကွင်းဆက်တရားခံများဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN