(စီးပွားရေး) အောက်တိုဘာ ၂၈
ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ရဲ့ ဧပြီလမှ စက်တင်ဘာလအထိ ၆ လတာအတွင်း ပုစွန်တစ်မျိုးတည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၂ သန်းကျော် ရရှိထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။
အခုတင်ပို့မှုများကို ရန်ကုန်မြို့မှတဆင့် ပုံမှန်တင်ပို့လျက်ရှိတဲ့အပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရိုက် တင်ပို့လျက်ရှိကြောင်း၊ ပုံမှန်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် ၂,၈၆၀ ဒသမ ၆၆၆ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈ ဒသမ ၈၇၇ သန်း ကိုရရှိခဲ့ပြီး နယ်စပ်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် ၆၁၆ ဒသမ ၉ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၅၇ သန်းကို အသီးသီး ရရှိခဲ့ကြောင်း သိရပါတယ်။
ဒါကြောင့် ပုစွန်တင်ပို့မှုအဖြစ် မက်ထရစ်တန်စုစုပေါင်း ၃,၄၇၇ ဒသမ ၅၆၆ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၃၃၄ သန်းကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။
ပုစွန်အပါအဝင် အခြားရေထွက်ကုန် ပစ္စည်းအားလုံး တင်ပို့မှုအနေနဲ့ ယခုဘဏ္ဍာနှစ်စ ဧပြီလမှ စက်တင်ဘာလကုန်အထိ ၆ လတာကာလအတွင်း ပြည်ပသို့ ရေထွက်ကုန် မက်ထရစ်တန် ၂၄၇,၄၇၇ ဒသမ ၉၅၂ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၂၁ ဒသမ ၀၀၅ သန်းကို ရရှိထားကြောင်း သိရပါတယ်။
ပြည်တွင်းမှ ထွက်ရှိသည့် ရေထွက်ကုန်ပစ္စည်းများကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စတဲ့ ပြည်ပနိုင်ငံပေါင်း ၄၀ ကျော်ကို တင်ပို့နေတာဖြစ်တယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews