ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ဗုံးခွဲရန် သွားရောက်စဥ်ကားပေါ်၌ ဗုံးကွဲသဖြင့် အကြမ်းဖက် PDF နှစ်ဦးအား ဒဏ်ရာများဖြင့် ဖမ်းဆီးရမိ


(ပြည်တွင်း) အောက်တိုဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၆၂)ရပ်ကွက်၊ ပတ္တမြားလမ်း၊ အ.မ.က (၃၀)အနီးတွင် ယမန်နေ့ည ၆ နာရီ ၃၀ မိနစ်အချိန်ခန့်က လူ ၂ ဦး ဒဏ်ရာများဖြင့် လဲကျနေကြောင်း သတင်းအရ သက်ဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် သွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

အ.မ.က(၃၀)အနီး ပတ္တမြားလမ်းဘေးတွင် ဖိုးလပြည့်၊ အသက် ၂၉ နှစ်၊ (ဘ)ဦးသက်တိုး တွင် ဝဲဘက် လက်ကောက်ဝတ်မှ ပြတ်ထွက်ဒဏ်ရာ၊ ယာလက်ချောင်းများ ပြတ်ထွက်ဒဏ်ရာ၊ ယာပေါင်ပေါက်ပြဲ ဒဏ်ရာ(စိုးရိမ်ရ)နှင့် ပိုင်မင်းထက် ၊ အသက် ၂၀ နှစ်၊ (ဘ)ဦးတင်ဝင်း တွင် ဝဲ/ယာခြေထောက် ပေါက်ပြဲဒဏ်ရာများ (မစိုးရိမ်ရ)တို့ ဖြင့် ၎င်းတို့ ၂ ဦးအား တွေ့ရှိခဲ့ကြောင်း သိရသည်။

ပိုင်မင်းထက်အား ကနဦးမေးမြန်းချက်အရ ၎င်းနှင့်အတူ ဖိုးလပြည့်၊ ကရင်(အချက်အလက်စိစစ်ဆဲ)တို့ ၃ ဦးသည် ယာဉ်မောင်း ငွေစိုး၊ အသက် ၄၀ နှစ်၊ (ဘ)ဦးဖိုးခင် မောင်းနှင်သည့် AA-4000 Toyota Corolla အဖြူရောင်အငှားယာဉ်ဖြင့် ပိုင်မင်းထက်၏ နေအိမ်မှ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ဗုံးခွဲရန် သွားရောက်စဉ် (၉၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးအရောက်တွင် ကားပေါ်၌ပါလာသော ဗုံးပေါက်ကွဲမှုဖြစ်ပွားရာမှ ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကရင်မှာ ယာဉ်ပေါ်မှ ထွက်ပြေးသွားခဲ့ပြီး ယာဉ်မောင်း ငွေစိုး မှာ ၎င်းနှင့် ဖိုးလပြည့် တို့အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၆၂)ရပ်ကွက်၊ ပတ္တမြားလမ်း၊ အ.မ.က (၃၀)အနီးတွင် ဒဏ်ရာများဖြင့် လာရောက်ပစ်ထားခဲ့ခြင်းကြောင်း၊ ပူးပေါင်းအဖွဲ့မှ ပတ်ဝန်းကျင်အား ပိတ်ဆို့ရှာဖွေခဲ့ရာ ပြည်ထောင်စုလမ်းနှင့် မေယဝတီလမ်းထောင့်အနီးတွင် ယာဉ်မောင်း ငွေစိုး အား AA-4000 Toyota Corolla အဖြူရောင်အငှားယာဉ် (နောက်လေကာ မှန်ကွဲ)နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ၂ ဦးအား ဆရက(၁/၁၀၀၀)သို့ ဆေးကုသမှုခံယူရန်ပို့ဆောင် ထားရှိကြောင်းနှင့် AA-4000 Toyota Corolla အဖြူရောင်အငှားယာဉ်အား စအရ (၉၀၅)မှ မိုင်းရှင်းလင်းရေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN