(ပြည်တွင်း) အောက်တိုဘာ ၂၈
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက တရုတ်နိုင်ငံတွင် ကျင်းပသည့် တတိယ အကြိမ်မြောက် ရပ်ဝန်းနှင့်ပိုးလမ်းမစွမ်းအင်ဝန်ကြီးများ ကွန်ဖရင့် ဒုတိယနေ့ (အောက်တိုဘာလ ၂၄ ရက်) ၏ “Smart Energy Sub Forum” ၌ မြန်မာနိုင်ငံ၏ ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံတကာ မိတ်ဖက်များကို ဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံဟာ ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေတဲ့ စီမံကိန်း များအပြင် စီမံကိန်းအသစ်များကိုလည်း Green Growth Models နှင့် ESS တို့ အသုံးပြု၍ တည်ဆောက်နိုင်မည့် အခွင့်အလမ်းများစွာ ရှိနေပါတယ်။
ထိုအခွင့်အလမ်းများကြောင့် အစိမ်းရောင်စွမ်းအင်သုံးစွဲတဲ့ မြန်မာနိုင်ငံ (Myanmar Green) မှတစ်ဆင့် အစိမ်းရောင်စွမ်းအင်သုံးစွဲသော အာရှ(Asia Green)အဖြစ်သို့ ပါဝင်ပံ့ပိုးနိုင်မှာဖြစ်လို့ မိတ်ဖက်အဖွဲ့အစည်းများအနေနဲ့ လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံ က ရာသီဥတုပြောင်းလဲမှုလျှော့ချရေးအတွက် United Nations Framework Convention on Climate Change (UNFCCC)နှင့် ပါရီသဘောတူညီချက်တို့နှင့်အညီ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးအစီအစဉ် (NDC) ကို ၂၀၂၁ ခုနှစ် သြဂုတ်လမှ စတင်အကောင်အထည် ဖော်ဆောင်လျက်ရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ပြန်ပြည့်မြဲစွမ်းအင်မှ ဓာတ်အားတိုးတက်ထုတ်လုပ်နိုင်ရေးတွင် BREP အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကာ NDC ပါ ရည်မှန်းချက်ဖြစ်သော ၂၀၃၀ ပြည့်နှစ်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ် တန် ၁၀၅ သန်းကျော် လျှော့ချနိုင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
ပြည်ထောင်စုဝန်ကြီးက ခရီးစဉ်အတွင်း ယူနန်ပြည်နယ်ရှိ ၈၀၀ ကေဗွီ DC Converter ဓာတ်အားခွဲရုံ၊ ချင်းတောင်မြို့ရှိ Huadin Qingdao Gas Turbine Engineering Project နှင့် TELD EV Charging Network Center တို့ကို သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews