(စီးပွားရေး) အောက်တိုဘာ ၂၇
လာမည့်ကြံရာသီတွင် ကြံတစ်တန်ဈေးနှုန်းကို ကြံစိုက်တောင်သူများမှ ရောင်းချလိုသောဈေးနှင့် စက်ရုံများမှ ဝယ်ယူမည့်ဈေးနှုန်းကို စိုက်ပျိုးရေးဦးစီးဌာနမှ ညှိနှိုင်းပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကြံနှင့်သကြားလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ကြံရာသီမှာ စက်ရုံရှိရာ ဒေသအလိုက် ကြံတစ်တန်လျှင် ငွေကျပ် ၁၂၀,၀၀၀ ဝန်းကျင်ဖြင့် စက်ရုံများမှ ဝယ်ယူခဲ့သော်လည်း စိုက်ပျိုးတောင်သူများက ယခုနှစ် ကြံရာသီတွင် ငွေကျပ် ၂၀၀,၀၀၀ ခန့်ဖြင့် ရောင်းချလိုကြောင်း ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
လာမည့် ကြံရာသီအတွက် ကြံဝယ်ယူမည့် ဈေးနှုန်းမထွက်ရှိသေးဘဲ သကြားစက်များနှင့် ညှိနှိုင်းပြီးမှသာ ကြံဝယ်ဈေးကို သိရမှာဖြစ်ပါတယ်။ လက်ရှိတွင် သကြားဈေးကွက် အတွင်း လက်ကျန်သကြားများ ရောင်းချလျက်ရှိရာ သကြားတစ်ပိဿာဈေးမှာ အရည်အသွေးကောင်းလျှင် ငွေကျပ် ၅,၀၀၀ ဖြစ်ပြီး အနည်းငယ်နိမ့်သောသကြားမှာ ငွေကျပ် ၄,၈၀၀ ဝန်းကျင်ပေါက်ဈေးရှိနေပါတယ်။
ကြံစိုက်ပျိုးရာတွင် မဖြစ်မနေဆောင်ရွက်ရသည့် ထယ်ထိုးမြေပြင်ခ၊ မြေဩဇာအတွက် ကုန်ကျစရိတ်၊ စိုက်ပျိုးလုပ်သားခ၊ ကြံခုတ်ခ၊ စက်ရုံသို့ပို့ဆောင်ခ စတဲ့ ကုန်ကျ စရိတ်များစုပေါင်းပါက ငွေကျပ် ၁၀ သိန်းကျော် ရှိနေလို့ ကြံတစ်တန်ဈေးနှုန်းကို ငွေကျပ် ၂၀၀,၀၀၀ ဝန်းကျင်နဲ့ ဝယ်ယူပေးဖို့ တောင်သူများက အလိုရှိနေတာလည်း ဖြစ်ပါတယ်။
နိုဝင်ဘာလအတွင်း ကြံများ စတင်စိုက်ပျိုးဖြစ်ပြီး ဧပြီလတွင် ထွက်ရှိကာ စက်ရုံများမှ ကြံများဝယ်ယူသည့် ဈေးမှာ တောင်သူများမျှော်မှန်းထားတဲ့ သင့်လျော်သည့် ကြံဝယ်ဈေးဖြစ်ရန် လိုအပ်ကြောင်း ကြံစိုက်တောင်သူများထံမှ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews