(ပြည်တွင်း) အောက်တိုဘာ ၂၇
မြန်မာ-ရုရှား ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ရည်ရွယ်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Tour Operator များနှင့် Tour Agency များပါဝင်သော ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်တွင် လိုက်ပါလာသည့် ကိုယ်စားလှယ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲနှင့် Business Matching အခမ်းအနားကို အောက်တိုဘာ ၂၅ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ်၌ ကျင်းပခဲ့ကြကြောင်း သိရသည်။
အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဆိုင်ရာအသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာ့အာမခံ လုပ်ငန်း၊ လေကြောင်းလိုင်းများနှင့် ဟိုတယ်နှင့်ခရီးသွားကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက အဓိကခရီးစဉ်ဒေသများအကြား အချိန်တိုတိုအတွင်း သွားရောက်လည်ပတ်နိုင်စေရန်၊ ချောင်းသာ၊ ငွေဆောင်ကမ်းခြေဒေသများနှင့် ချိတ်ဆက်နိုင်ရန် ရည်ရွယ်ပြီး ရန်ကုန် – ပုသိမ် – ညောင်ဦး – မန္တလေးအသွားအပြန် လေကြောင်းခရီးစဉ်ကို ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက်မှစတင်၍ ပျံသန်းပြေးဆွဲ နေကြောင်း၊ နိုင်ငံတော်က သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သည့် ရုရှားခရီးသွားဧည့်သည်များအတွက် ဗီဇာကင်းလွတ်ခွင့်ကို တစ်နှစ် ထပ်မံခွင့်ပြုပေးခဲ့ပြီးဖြစ်ရာ ရုရှားခရီးသွားများ ပိုမိုလာရောက်လည်ပတ်စေရေး ဝိုင်းဝန်းဆောင်ရွက် ပေးစေလိုကြောင်း၊ မြန်မာ – ရုရှား နှစ်နိုင်ငံယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဖလှယ်ရေး ခရီးလမ်းကြောင်း ရေရှည်တည်တံ့ခိုင်မြဲအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ စီးပွားရေးသံမှူးတိုက အမှာစကားပြောကြားကြပြီး ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်တွင် လိုက်ပါလာသည့် ကိုယ်စားလှယ်တစ်ဦးက ခရီးစဉ်အတွင်း ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကို ပြန်လည်ရှင်းလင်းကာ မြန်မာနိုင်ငံသို့ ပိုမိုအဆင်ပြေစွာ လာရောက်နိုင်ရေးအတွက် သိရှိလိုသည့်အချက်အလက်ကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ညနေပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ခရီးသွားကုမ္ပဏီများနှင့် မြန်မာနိုင်ငံမှ ဟိုတယ်များ၊ ခရီးသွားကုမ္ပဏီများ တွေ့ဆုံကာ Business Matching အစီအစဉ်ကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews