စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ တွင် ငွေကျပ်သိန်း ၄,၃ဝဝ တန်ဖိုးရှိဘိန်းဖြူများ ဖမ်းဆီးရမိ


(မှုခင်း) အောက်တိုဘာ ၂၇

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၂၃ ရက်နေ့ ည ၆ နာရီခွဲအချိန် ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်၊ နယ်မြေ(၆)၊ အမှတ်(၉)လမ်းတွင် ရိုဒိန်းလျန်နာ မောင်းနှင်ပြီး မောင်မောင်နိုင်ဝင်း(ခ)မောင်နိုင် လိုက်ပါလာသည့်
TOYOTA MARK II မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဆပ်ပြာခွက် ၂၀၀ ခွက်ဖြင့် ထည့်လျက် ဘိန်းဖြူ ၂ ကီလို ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ည ၈ နာရီခွဲ အချိန်ခန့်တွင် ဘိန်းဖြူရောင်းချခိုင်းသူ မျိုးကိုဦးနှင့် မဆန်ချင်းတိလ် တို့ ၂ ဦးအား ကလေးမြို့၊ တောင်ဇလပ် ရပ်ကွက်၊ နယ်မြေ(၁၀)၊ ဘုရင့်နောင်လမ်းဆုံတွင် ဆပ်ပြာခွက် ၆၆၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၆ ဒသမ ၆ ကီလို၊ TOYOTA MARK II မော်တော်ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၄,၃၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၈ ဒသမ ၆ ကီလို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ ဘိန်းဖြူများအား မန္တလေးမှ ဖိုးကျော်(ခ) ကျော်ကျော်(ခ)မော်သင်းနှင့်ဇနီး မခင်မိုးနွယ်(ခ)မိုးနွယ်တို့၏ အစီအမံဖြင့် မိတ္တူကူးစက် အဟောင်းများအတွင်း သိုဝှက်ပြီး ကလေးမြို့ သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်းနှင့် အမှုတွင်ဆက်စပ်ပါဝင်သူများနှင့် ၎င်းတို့ မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း နိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေးဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN