“ထားဝယ်တွင် နှစ်ကျိပ်ရှစ်ဆူ ပူဇော်ပွဲကျင်းပမည်”

(ပြည်တွင်း) အောက်တိုဘာ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်မှာ (၁၁၂)ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော်နဲ့ နှစ်ကျိပ်ရှစ်ဆူ လှည့်လည်ပူဇော်ပွဲကြီးကို ရှေးထားဝယ်ရိုးရာအစဉ်အလာအတိုင်း ကျင်းပသွားမှာဖြစ်တယ်လို့ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ဘုရားကြီးဂေါပကအဖွဲ့ကနေ သိရပါတယ်။

(၁၁၂)ကြိမ်မြောက်တန်ဆောင်တိုင်ပွဲတော် နှစ်ကျိပ်ရှစ်ဆူလှည့်လည်ပူဇော်ပွဲကြီးကို ထားဝယ်မြို့၊ ဘုရားကြီးဝင်းမှာ တန်ဆောင်မုန်းလဆန်း ၁၁ ရက်၊ နိုဝင်ဘာလ ၁၁ ရက်ကနေ တန်ဆောင်မုန်းလပြည့်နေ့၊ နိုဝင်ဘာလ ၁၅ ရက်အထိ ၅ ရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်ပြီး နိုဝင်ဘာလ ၁၄ ရက် နံနက် ၇ နာရီမှစတင်ကာ (၁၁၂)ကြိမ်မြောက်တန်ဆောင်တိုင်ပွဲတော် နှစ်ကျိပ်ရှစ်ဆူလှည့်လည်ပူဇော်ပွဲကြီးကို ဘုရားကြီးဝင်းကနေ ထားဝယ်မြို့ အတွင်း လှည့်လည်ပူဇော်သွားမှာ ဖြစ်ပါတယ်။

နှစ်ကျိပ်ရှစ်ဆူလှည့်လည်ပူဇော်ပွဲတော်အတွက် နှစ်စဉ်သီတင်းကျွတ်လဆန်း(၉)ရက်မှ စတင်ပြီး မြို့ပေါ် ရပ်ကွက်တွေနဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေမှာ ဘုရားတစ်ဆူစီကို ကြိုတင်ပင့်ဆောင်ကြပြီး သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာတွေရဲ့ အဓိကကျတဲ့ နေရာတွေမှာ ကိန်းဝပ်စံပယ်တော်မူဖို့ ယာယီမဏ္ဍပ်တွေ ဆောက်လုပ်ကာ ပူဇော်ခံထားရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘုရားကြီးဝင်းအတွင်းမှာ နှစ်စဉ်တန်ဆောင်မုန်းလဆန်း ၁၁ ရက်ကနေ တန်ဆောင်မုန်းလပြည့်အထိ တန်ဆောင်တိုင်ကာလ နှစ်ကျိပ်ရှစ်ဆူမြတ်စွာဘုရား ရုပ်ပွားတော်တွေကို ပူဇော် ကန်တော့ရန် ယာယီစံကျောင်းတော်တွေကိုလည်း ထားရှိပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

PAN