ရန်ကုန်မြို့ပတ်ရထားနှင့် ဟိုင်းဝေးရထား ခရီးစဉ်လက်မှတ်ခများ တိုးမြှင့်သတ်မှတ်

(ပြည်တွင်း)အောက်တိုဘာ ၂၅

     ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ ရထားခရီးစဉ်လက် မှတ်ခများနှင့် ဟိုင်းဝေးရထားခရီးစဉ်များရဲ့ လက် မှတ်ခများကို ဒီဇယ်ဈေးမြင့်မှုကြောင့် တိုးမြှင့်ပြောင်း လဲသတ်မှတ်လိုက်တယ်လို့ မြန်မာ့မီးရထားကနေသိရပါတယ်။ မြို့ပတ်ရထားနှင့် လော်ကယ်ရထား လက် မှတ်ခများကို ယခု အောက်တိုဘာလ ၂၀ ရက်မှစတင်ကာ မိုင်(၂ဝ) ခရီးအတွက် ယခင် ၂၀၀ ကျပ်အစား ၄၀၀ ကျပ်၊ မိုင်(၂၀)နှင့်အထက် မြို့တစ်ပတ်ခရီးအတွက် ယခင် ၃၀၀ ကျပ်အစား ၈၀၀ ကျပ်အဖြစ် ပြောင်းလဲသတ်မှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

        ဟိုင်းဝေးရထားခရီးစဉ်များအဖြစ် ရန်ကုန်-ပြည် (အစုန်၊အဆန်)၊ ရန်ကုန်-မန္တလေး (အစုန်၊အဆန်)၊ ရန်ကုန်-မော်လမြိုင်(အစုန်၊အဆန်) ခရီး စဉ်များကို ပြေးဆွဲပေးလျက်ရှိပြီး ရန်ကုန်-ပြည် (အစုန်၊အဆန်) ရထားခရီးစဉ်တွင် ရိုးရိုးတန်းကို ယခင် ၅,၀၀၀ ကျပ် ကနေ ယခု ၇,၀၀၀ ကျပ်နဲ့ အထက်တန်းကို ယခင် ၁၀,၀၀၀ ကျပ်ကနေ ယခု ၁၂,၀၀၀ ကျပ်သို့ ၂,၀၀၀ ကျပ်စီ တိုးမြှင့်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

      ဒါ့အပြင် ရန်ကုန်-မန္တလေး(အစုန်၊အဆန်) ခရီးစဉ်များရဲ့ အမြန်ရထားလက်မှတ်ခများမှာ ရိုးရိုးတန်းကို ယခင် ၁၂,၀၀၀ ကျပ်မှ ယခု ၁၅,၀၀၀ ကျပ်၊ အထက် တန်းကို ယခင် ၂၄,၀၀၀ ကျပ်မှ ယခု ၂၇,၀၀၀ ကျပ်၊ အထက်တန်း အိပ်စင်အတွက် ယခင် ၃၀,၀၀၀ ကျပ်မှ ယခု ၃၃,၀၀၀ ကျပ်သို့ တိုးမြှင့်လိုက်တာဖြစ်ပြီး ရက် ခြားပြေးဆွဲပေးနေတဲ့ ရန်ကုန်-မန္တလေး လော်ကယ်ရထားများလည်း ဈေးနှုန်းတိုးမြှင့်ပြောင်းလဲထားတယ်လို့ သိရပါတယ်။

     ဆက်လက်ပြီး ရန်ကုန်-မော်လမြိုင်(အစုန်၊အဆန်) ရထားလက်မှတ်ခများအဖြစ် လေအိတ်ရထားတွဲဆိုင်း အထက်တန်းကို ယခင် ၁၀,၀၀၀ ကျပ်မှ ၁၃,၀၀၀ ကျပ် ၊ ရိုးရိုးတန်းအတွက် ယခင် ၅,၀၀၀ ကျပ်မှ ၈,၀၀၀ ကျပ်ဖြစ်တဲ့ အပြင် ရိုးရိုး(AAR)တွဲဆိုင်းအတွက် အထက်တန်းကို ၁၂၀၀၀ ကျပ်၊ ရိုးရိုးတန်း ၇,၀၀၀ ကျပ်အဖြစ် သတ်မှတ်ထားကြောင်း မြန်မာ့မီးရထားမှ သိရပါတယ်။

#PAN