ဘရူနိုင်းမှာ ကျင်းပတဲ့ ၁၂ ကြိမ်မြောက် အာဆီယံသဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို ပြည်ထောင်စုဝန်ကြီး တက်ရောက်နေ


(ပြည်တွင်း) အောက်တိုဘာ ၂၅

ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝမ်မြို့မှာ ကျင်းပလျက်ရှိတဲ့ (၁၂) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး (ASEAN Ministerial Meeting on Disaster Management-AMMDM) နဲ့ ဆက်စပ် အစည်းအဝေးတွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက် ရှိနေတယ်လို့ သိရပါတယ်။

အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးကို အောက်တိုဘာ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ပြုလုပ်နေတာဖြစ်ပြီး အောက်တိုဘာ ၂၃ ရက်နေ့က ပြည်ထောင်စုဝန်ကြီးဟာ နိုင်ငံအလိုက် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနဲ့ အစည်းအဝေးဆိုင်ရာ ကိစ္စရပ်တွေကို ကြိုတင်ညှိနှိုင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၄ ရက်နေ့ မနက်ပိုင်းမှာ ပြည်ထောင်စုဝန်ကြီးနဲ့အဖွဲ့ဟာ ၂၀၂၄ ခုနှစ်အာဆီယံနေ့ အခမ်းအနားနဲ့ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားပထမပိုင်း အစီအစဥ်တွေကို တက်ရောက်ခဲ့ပါတယ်။

အဲဒီနောက် “Building Resilient ASEAN through Inclusive and Sustainable Disaster Recovery” ဆောင်ပုဒ်နဲ့ ကျင်းပတဲ့ (၁၂) ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကိုလည်း ဆက်လက်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒေသတွင်းနိုင်ငံအားလုံးပါဝင်တဲ့ တစ်ခုတည်းသော အာဆီယံ၊ တစ်ခုတည်းသော တုံ့ပြန်မှု ဆိုတဲ့ အာဆီယံရဲ့ ခိုင်မြဲတဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒလမ်းစဉ် နဲ့သာ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်တဲ့ အာဆီယံအသိုက်အဝန်းကို ဖေါ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက အစည်းအဝေးမှာ ဆွေးနွေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN