“ငွေကောင်း” လ္ဘက်ရည်ဆိုင်တွင် ဆိုင်အလုပ်သမားမှ လက်ဖက်ရည်ဆိုင်ပိုင်ရှင်၊ ဇနီးနှင့် စားပွဲထိုးတို့အား ဓားဖြင့်ခုတ်


(မှုခင်း) အောက်တိုဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့ နယ်၊ ဒေါနဘွားရပ်ကွက်၊ အကွက် (၉)၊ ၁၇ လမ်း၊ ၆၃×၆၄ လမ်းကြားရှိ “ငွေကောင်း”လ္ဘက်ရည်ဆိုင်တွင် ဓါးခုတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


ယနေ့မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်ခန့်က “ငွေကောင်း” လ္ဘက်ရည်ဆိုင် အလုပ်သမားဖြစ်သူ ရဲပိုင်ရွှေ(ခ)ကိုရဲ သည် ဆိုင်တွင်အတူတူလုပ်ကိုင်သူ မျိုးထက်အောင် အား ဗျက် ၄ လက်မ၊ အရိုး/အသွား အရှည် ၁ ပေခန့်ရှိ စားဖိုမှုးသုံးဓါးဖြင့် ခုတ်ခဲ့ရာ လည်ပင်းတွင် ပြတ်ရှဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး အနီးတွင် အိပ်နေသည့် ဆိုင်အလုပ်သမားဖြစ်သူ ပြည့်စုံအောင်အား ထပ်မံခုတ်ရာ လည်ပင်းနှင့် ရင်ဘတ်တို့တွင် ဒဏ်ရာရရှိခဲ့ပြီး ၎င်းမှ အော်ဟစ်အကူအညီတောင်းခံခဲ့ရာ အောက်ထပ်အခန်းတွင် အိပ်နေသည့် ဆိုင်ရှင် ဦးခိုင်ဇော်ဦး နှင့် ဇနီးဖြစ်သူ ဒေါ်မန်းဆုံ တို့ အခန်းထဲမှထွက်လာစဉ် ရဲပိုင်ရွှေ(ခ)ကိုရဲ မှ ၎င်းတို့အား ထပ်မံခုတ်ရာ ဒေါ်မန်းဆုံ တွင် လည်ပင်းပြတ်ရှဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ကာ ဦးခိုင်ဇော်ဦး တွင် ပခုံး ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲ-လက်မောင်း ပြတ်ရှဒဏ်ရာ ၁ ချက်၊ နှာခေါင်း ပြတ်ရှဒဏ်ရာ ၁ ချက်တို့ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဆိုင်အလုပ်သမားဖြစ်သူ ဝေထူးအောင်အား မေးမြန်းခဲ့ရာ ၎င်းသည် အပေါ်ထပ်တွင်အိပ်နေစဉ် အောက်ထပ်မှ အော်ဟစ်ဆူညံသံများ ကြားသဖြင့် အောက်သို့ဆင်းလာစဉ် ဆိုင်အလုပ်သမားဖြစ်သူ ရဲပိုင်ရွှေ(ခ)ကိုရဲ၊ အသက် ၁၉ နှစ်၊ (ဘ)ဦးခင်မောင်ရွှေ၊ ကျိုက်လတ်မြို့နေသူမှ အထက်ပါအတိုင်း ဓါးဖြင့်ခုတ်နေသည်ကို တွေ့ရှိရသဖြင့် ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းခံခဲ့ရာ ရဲပိုင်ရွှေ(ခ)ကိုရဲ သည် ဓါးကိုထားခဲ့ပြီး ထွက်ပြေးသွားခဲ့ကြောင်း ကြောင်း သိရသည်။

သေဆုံးသူ မျိုးထက်​​အောင် နှင့် ရဲပိုင်ရွှေ(ခ)ကိုရဲ တို့မှာ သမီးရည်းစား ကိစ္စနှင့် ပတ်သက်၍ ယခင်နေ့များတွင် အချင်းများမှုများရှိခဲ့ကြောင် သိရှိရပြီး တရားခံအား ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာမှ လိုက်လံ စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN