ဟောင်ကောင်ကို မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ဂိုးပြတ်အနိုင်ယူ


(အားကစား) အောက်တိုဘာ ၂၄

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ဟောင်ကောင်လက်ရွေးစင် အမျိုးသမီးအသင်းတို့၏ ပထမခြေစမ်းပွဲကို အောက်တိုဘာ ၂၃ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ကျင်းပရာ မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းက လေးဂိုး – တစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲကစားရန် မရှိသော်လည်း ဖီဖာအသိအမှတ် ပြု နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားလျက်ရှိပြီး ဟောင်ကောင်အသင်းနှင့် ပထမခြေစမ်းပွဲတွင် ဂိုးပြတ်အနိုင်ရခဲ့သည်။

ယခု ခြေစမ်းပွဲအတွက် ပဏာမကစားသမား ၃၀ နီးပါး ရွေးချယ်ထားသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် ယုကီတက်ဆုရိုသည် ပွဲထွက်လူစာရင်းတွင် စီနီယာ ကစားသမားများကို အခြေခံကာ လူသစ်ကစားသမားများဖြင့် တွဲဖက်အသုံးပြုခဲ့ပြီး မျိုးမြမြငြိမ်း (ဂိုး)၊ မေသက်မွန်မြင့်၊ ယုယုနိုင်၊ ဖြူဖြူဝင်း၊ ခင်မိုမိုထွန်း၊ ခင်မာလာထွန်း၊ ရူပါခိုင်၊ ယွန်းဝတီလှိင်၊ ရွှေရည်ထွန်း၊ ဝင်းသိင်္ဂီထွန်းနှင့် စန်းသော်သော်တိုကို အသုံးပြုခဲ့ကြောင်း သိရသည်။

ဟောင်ကောင်အသင်းကလည်း မြန်မာအသင်းကို အကောင်းဆုံး တုံပြန်နိုင်ခဲ့ပြီး ၁၁ မိနစ်တွင် လိုင်မဲဟယ်ဆင်က ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ ဂိုးပေးလိုက်ရသဖြင့် မြန်မာအသင်း ချေပဂိုးရရန် တောက်လျှောက် ကြိုးပမ်းသော်လည်း အဆုံးသတ်ပိုင်းအားနည်းမှုကြောင့် ပထမပိုင်းပြီးခါနီးမှ ချေပဂိုးပြန်ရခဲ့သည်။ မြန်မာအသင်းအတွက် ချေပဂိုးကို အသင်းခေါင်းဆောင် ခင်မာလာထွန်းက အဝေးကန်ချက်ဖြင့် သွင်းယူခဲ့ခြင်းဖြစ်သည်။

ပထမပိုင်းတွင် သရေကျနေသည့် မြန်မာအသင်းသည် ဒုတိယပိုင်းတွင် ကစားသမားများ ပြောင်းလဲကာ တိုက်စစ်မြင့်ခဲ့ပြီး ၅၅ မိနစ်တွင် စန်းသော်သော်က ထောင့်ကန်ဘောကို ခေါင်းတိုက်ကာ ဒုတိယဂိုးသွင်းယူခဲ့သည်။

ယင်းနောက်ပိုင်းတွင် မြန်မာအသင်းက ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး မိနစ် ၈၀ တွင် ရွှေရည်ထွန်း၊ ၉၀+၁ မိနစ်တွင် ဝင်းသိင်္ဂီထွန်းတိုက အနိုင်ဂိုးများ ထပ်မံသွင်းယူခဲ့ကြောင်း သိရသည်။

မြန်မာအသင်းနှင့် ဟောင်ကောင်အသင်းတို၏ ဒုတိယခြေစမ်းပွဲကို အောက်တိုဘာ ၂၆ ရက်တွင် YUSC ကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN