ဝေါမြို့နယ်၊ X-Ray စက် စစ်ဆေးရေးဂိတ်တွင် လက်နက်ခဲယမ်းများသယ်ဆောင်လာသူ တရားခံ နှစ်ဦးကို သက်သေပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

(ပြည်တွင်း)အောက်တိုဘာ ၂၄

     ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ဗျူဟာလမ်းဆုံအနီး X-Ray စက် စစ်ဆေးရေးဂိတ်တွင် မော်လမြိုင်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော ရာဇာအောင် ခရီးသည်တင်မှန်လုံယာဉ်ပေါ်မှ လက်နက်ခဲယမ်းများသယ်ဆောင်လာသူ တရားခံ နှစ်ဦးကို ယမန်နေ့ ညနေတွင် သက်သေပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရပါသည်။

     ယမန်နေ့ ညနေ ၆ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် ဝေါမြို့နယ်၊ ဗျူဟာလမ်းဆုံအနီး X-Ray စက်တွင်  လုံခြုံ ရေးပူးပေါင်းအဖွဲ့သည် မော်တော် ယာဉ်များအား X-Ray စက်ဖြင့် စစ်ဆေးဆောင် ရွက်နေစဉ် မော်လမြိုင်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း မျိုးမင်းသန့်၊ အကူယာဉ်မောင်း စိုးလင်းသန့် ၊ ယာဉ်နောက်လိုက် မန်းနိုင်ဌေး၊ သိုက်ဦးတို့လိုက်ပါလာသည့် ယာဉ်အမှတ် MDY-12 3R-4606 ရာဇာအောင် ခရီးသည်တင်မှန်လုံယာဉ်အား စစ်ဆေးရှာဖွေရာ ခုံအမှတ် ၁၁/၁၂ တွင် လိုက်ပါလာသည့် ခရီးသည် ကိုကိုနိုင်(ခ)ကိုနိုင်၊ ၃၂ နှစ်၊ (ဘ)ဦးအေးဝင်း၊ ကရင်/မွန်/ ခရစ်ယာန် ၊ လပြည့်လမ်း၊ (၁)ရပ်ကွက်၊ ဘုရားသုံးဆူမြို့၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကရင်ပြည်နယ် နေသူ၏ ထိုင်ခုံရှေ့ ခြေ ထောက်နှစ်ဖက်ကြားတွင် ညှပ်ထားသည့် Sport တံဆိပ်ပါ အနက်ရောင် ကျောပိုးအိပ် အတွင်းမှ ခဲစက္ကူများဖြင့် ပတ်လျက် ပစ္စတို သေနတ် (၁၆)လက် (အမျိုးအစားစိစစ်ဆဲ) ၎င်းကျည်အိမ် (၃၂) ခု၊ 9mm Luger ကျည် ၃၉ဝ တောင့်၊ 380 Auto ကျည် ၁၄ဝ တောင့်၊ စုစုပေါင်း ၅၃၀ တောင့် တို့အားရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

      တရားခံ ကိုကိုနိုင်(ခ)ကိုနိုင် ၏ ပြောဆိုချက်အရ ဖမ်းမိလက်နက်/ခဲယမ်းများအား ဘုရားသုံးဆူမြို့နေသက်ပိုင်ဦး၏ စေခိုင်းချက်အရ မန္တလေးမြို့သို့ ပို့ ဆောင်ရန် အောက်တိုဘာ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် ဘုရားသုံးဆူမြို့၊ ကရင်စုပိုင်း၊ (၃)လမ်းထိပ်တွင် သက်ပိုင်ဦး နှင့်တွေ့ဆုံ၍ လက်ခံရယူကာ အောက်တိုဘာလ ၂၁ ရက် နံနက် ၉ နာရီအချိန်ခန့်တွင် ဘုရားသုံးဆူမှ မော်လမြိုင်မြို့သို့ အငှားယာဉ်ငယ်ဖြင့်လိုက်ပါလာခဲ့ပြီး မော်လမြိုင်မြို့၊ နဝရတ်တည်းခိုးခန်းတွင် ၂ ညတည်း ခိုခဲ့ကြောင်း၊ အောက်တိုဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် မော်လမြိုင်မှ မန္တလေးမြို့သို့ ရာဇာအောင် ခရီးသည်တင် မှန်လုံယာဉ်ဖြင့် ဆက်လက်လိုက်ပါလာစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရပါသည်။

      အဆိုပါ လက်နက်/ခဲယမ်းများအား မန္တလေးမြို့၊ ကျွဲဆည်ကန် ကားဝင်း သို့ ရောက်ရှိပါက သက်ပိုင်ဦး ထံ ဆက်သွယ်၍ ၎င်း၏အစီအစဉ်ဖြင့် ဆက်လက်ပေးပို့ရမည်ဖြစ်ကြောင်းနှင့် သယ် ဆောင်ခငွေ ထိုင်းဘတ် ငွေ ၂၀၀၀ဝ ရရှိမည် ဖြစ် ကြောင်း သိရပါသည်။

      ဖြစ်စဉ်နှင့်ပတ်သက်၍ ကွင်းဆက်တရားခံ ဖော် ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

#PAN