သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ လှစ်လစ်တိုက်ခန်းများကို ထပ်မံမဲနှိုက်ရွေးချယ်ပေးမည်


(ပြည်တွင်း) အောက်တိုဘာ ၂၃

တောင်ဒဂုံမြို့နယ်တွင် အကောင်အထည်ဖော်တည်ဆောက်နေတဲ့ သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ လစ်လပ် တိုက်ခန်းများကို မဲနှိုက်ရွေးချယ်ပေးသွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ရန်ကုန်)ကနေ သိရပါတယ်။

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ တတိယအဆင့်အတွက် တင်ပြလာတဲ့ လျှောက်လွှာများအနက် အချက်အလက် ကိုက်ညီသူများနှင့် ယခင်မဲနှိုက်ခွင့်ရရှိပြီးမဲမပေါက်သူများ စုစုပေါင်း တစ်သောင်းကျော်ကို အုပ်စုများ ခွဲ၍ အုပ်စုအလိုက် မဲနှိုက်ခွင့်ရရှိမည့် တိုက်များကို ကော်မတီမှ မဲစနစ်ဖြင့် ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ အုပ်စုနှင့် တိုက်များအလိုက် ခွဲဝေပြီး ပြီးစီးသည့်တိုက် ၄၃ လုံး၊ စည်းကမ်းပျက်၍ သိမ်းဆည်းထားတဲ့ အခန်းများနှင့် အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်အခန်းများကို မဲစနစ်နဲ့ ရွေးချယ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အငှားအိမ်ရာရှိ တိုက် ၁၉၄ လုံးမှာ ပြီးစီးမှုအလိုက်အခန်းများ ငှားရမ်းခွင့်ပြုလျက်ရှိရာ ပထမအဆင့် တိုက် ၇၃ လုံး၊ ဒုတိယအဆင့် တိုက် ၅၀ လုံး စုစုပေါင်းတိုက် ၁၂၃ လုံး ငှားရမ်းနေထိုင် ခွင့်ပြုထား ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ တတိယအဆင့် တိုက် ၇၁ လုံး လျာထားခဲ့ပြီး ပြီးစီးမှုအရ အဆင့်ဆင့် နေရာချသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မေလအတွင်း အငှားအိမ်ရာ ဒုတိယအဆင့်မှ တိုက် ၄၈ လုံး၊ အခန်းပေါင်း ၇၆၈ ခန်းအတွက် မီတာများ ရရှိပြီးဖြစ်တဲ့အတွက် နေထိုင်ခွင့်ရှိသူများကို အိမ်လခပေးသွင်းခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်းများ ဆောင်ရွက် ပြီးစီးခဲ့တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN