ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ကားအပိုပစ္စည်း ရောင်းဝယ်ရေးဆိုင် ၅ ဆိုင်သို့ အကြမ်းဖက်အဖွဲ့မှ ခြိမ်းခြောက် ငွေတောင်းစာ ပေးပို့


(ပြည်တွင်း) အောက်တိုဘာ ၂၁

မန္တလေးတိုင်းဒေသကြီး ၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ကားအပိုပစ္စည်း ရောင်းဝယ်ရေးဆိုင် ၅ ဆိုင်သို့ အကြမ်းဖက်အဖွဲ့မှ ခြိမ်းခြောက် ငွေတောင်းစာ ပေးပို့ခြင်းခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၉ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၄၈ မိနစ်အချိန်ခန့်က အကွက်(၅၉၆)၊ ၂၈လမ်း၊ ၈၁×၈၂ လမ်းကြားရှိ “ယာစင်ဘိုင် တင်မောင်စိုး” ကားအပို ပစ္စည်းရောင်းဝယ်ဆိုင်၊ မွန်းလွဲ ၂ နာရီ ၁၉ မိနစ် အချိန်ခန့်တွင် အကွက် (၆၁၃)၊ ဟေမာဇလရပ်ကွက်၊ ၇၉ လမ်း၊ ၂၇×၂၈ လမ်းကြားရှိ “အောင်ရတနာ” ကားအပိုပစ္စည်းရောင်းဝယ်ရေးဆိုင်၊ မွန်းလွဲ ၂ နာရီ ၅၁ မိနစ် အချိန်ခန့်တွင် အကွက်(၇၂၃)၊ စိတ္တရမဟီရပ်ကွက်၊ ၇၆ လမ်း၊ ၂၇×၂၈ လမ်း ကြားရှိ “Light” ကားအပိုပစ္စည်း ရောင်းဝယ်ရေးဆိုင်၊ မွန်းလွဲ ၃ နာရီကျော် အချိန်ခန့်တွင် “ဦးကိုလေး” ကားအပို ပစ္စည်းရောင်းဝယ်ရေးဆိုင်၊ မွန်းလွဲ ၃ နာရီ ၂၅ မိနစ် အချိန်ခန့်တွင် အကွက်(၆၀၄)၊ ၈၁လမ်း၊ ၂၆×၂၇ လမ်းကြားရှိ “ဟာကြူလီ” ကားပစ္စည်းဆိုင်များသို့ ဖုန်းနံပါတ်၀၉-၇၉၁၁၂၈၅၂၁ (FRO) အမည်ပါ Viber မှ ဆိုင်ပိုင်ရှင်များ၏ viber ဖုန်းနံပါတ်များထဲသို့ ခြိမ်းခြောက်စာ ပို့ထားခဲ့ကြောင်း သိရသည်။

အဆိုပါ ဆိုင်များသို့ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့မှ သွားရောက်ပြီး ဖြစ်စဉ်အား စုံစမ်းမေးမြန်းခဲ့ရာ ချမ်းအေးသာစံမြို့နယ်အတွင်းနေသူများဖြစ်သည့်”ယာစင်ဘိုင် တင်မောင်စိုး” ကားအပိုပစ္စည်း ရောင်းဝယ်ရေးဆိုင်၊ ပိုင်ရှင် ကိုမင်းမင်းလတ်၊ “အောင်ရတနာ” ကားအပိုပစ္စည်းရောင်းဝယ်ရေးဆိုင်ပိုင်ရှင် ဦးမျိုးအောင်၊ “Light” ကားပစ္စည်းအရောင်းဆိုင်ပိုင်ရှင် ဦးသန်းနိုင်အေး၊ “ဦးကိုလေး” ကားအပိုပစ္စည်း ရောင်းဝယ်ရေးဆိုင်ပိုင်ရှင် ဦးကိုကိုလေး၊”ဟာကြူလီ” ကားပစ္စည်းဆိုင်ပိုင်ရှင် ဦးဆန်းလွင် (ခ)ဟာကျူလီတို့ ၅ ဦး၏ ပြောပြချက်အရ ပစ္စည်းအော်ဒါများ တင်သည့်အတွက် ၎င်းတို့ဖုန်းများမှ အင်တာနက်အား ဖွင့်ထားလေ့ရှိပြီး Viber ထဲသို့ အသိ ပေးအကြောင်းကြားစာ ပေးပို့ခြင်းခံရကြောင်း သိရသည်။

၎င်းစာတွင် ကျွန်ပ်တို့ အကြမ်းဖက် ဖောက်ခွဲရေးအုပ်စုဖြစ်ပြီး လူကြီးမင်း မိသားစုကို ငွေကျပ်(သိန်း ၅၀၀ သိန်း)တိတိကို တောင်းဆိုအပ်ပါသည်။လူကြီးမင်း မိသားစုဖက်က အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်ပြီး ကျွန်ပ်တို့ အုပ်စုအဖွဲ့ကို မလေးစားပြီး ညှိနှိုင်းဆက်သွယ်ခြင်းမရှိရင် ငါတို့ တခြားဆိုင်လို အကြမ်းဖက်နည်းနဲ့ ဝင်ပြီးပစ်ခတ် အကြမ်းနည်းဖြင့် ခုတ်ခြင်း ကိုခံရပါမည်။ (၂၀.၁၀.၂၀၂၄)ရက်နေ့ မနက် ၁၀ နာရီအတွင်း ကိစ္စပြီးစီးရပါမည်။ ပျက်ကွက်ပါက ခင်ဗျား တခြားဆိုင်လို မိသားစုအသက်နဲ့ဒဏ်ရာနဲ့ ညှိနှိုင်းဆက်သွယ်ခြင်းနဲ့ လဲလှယ်ကြတာပေါ့နော့၊ညှိ့နှိုင်းဆက်သွယ်ရန်ဖုန်း 09-942455236” ကျည်ဆံဓာတ်ပုံပါ စာတစ်စောင်နှင့် “ကျွန်ပ်တို့ ကောင်းကောင်းမွန်မွန် ညှိနှိုင်းဆွေးနွေးကြမယ်နော့ ခင်ဗျားတို့ဖက်က ရဲစခန်း၊စစ်ကောင်စီ၊ပြည်သူ့စစ်၊လက်နက်ကိုင်တွေကိုလည်း တိုင်ကြားအမှုဖွင့် ရတယ်နော့ ရှုပ်ရှုပ်ရှက်ရှက်နဲ့ တခြား လူခင်ဗျားတို့ မိသားစုနဲ့ ပတ်သက်ပြီး ဆက်သွယ်လာရင် ခင်ဗျားတို့ မိသားစု တခြားနေရာထက် ပိုဆိုး လိမ့်မယ် စာရွက်အတိုင်း ကျည်ဆံနဲ့ ဓါးကြိုက်တာရွေး ရတယ်နော့ ခင်ဗျားတို့ တခြားဆိုင်လို ကောင်းမွန်ပြီး ညှိနှိုင်းရင် ငါတို့ဘာမှ မလုပ်ဘူးနော့ တခြားနေရာလို ဆက်ဆံတာ မောက်မာပြီဆိုရင် ဒုတိယဓါးခုတ်တာနဲ့ ပစ်ခတ်ဖောက်ခွဲတဲ့နေရာ ခင်ဗျားတို့ ဖြစ်လိမ့်မယ် အချိန်မလွန်ခင် ကောင်း မွန်စွာ ဆွေးနွေးပါနော့ ခင်ဗျားတို့ မိသားစု အသက်ရှင်နေခင် ညှိနှိုင်းကြမယ်နော့ ငါတို့ဖက်က ကောင်း မွန်စွာ ညှိ့နှိုင်းတာကိုပဲလိုချင်တာနော့ ငါတို့ ပစ်ခတ်ခြင်းနဲ့ အကြမ်းနည်းမသုံးစေချင်ဘူးနော့” ဟု ခြိမ်းခြောက်စာပို့ထားကြောင်း သိရှိရသည်။

အဆိုပါ ပိုင်ရှင်များ၏ ဖုန်းနံပါတ်သို့ Viber မှ ခြိမ်းခြောက်စာပို့၍ ငွေကြေးတောင်းခံသူအား ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ ရပ်ကွက်အတွင်း ပိတ်ဆို့စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN