ကလောတွင် လျှပ်စစ်မီးပြန်လည်ရရှိ

(ပြည်တွင်း) အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့မှာ မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ဓာတ်အားလိုင်း များနှင့် ဓာတ်အားခွဲရုံများ ထိခိုက်ပျက်စီးခဲ့ရပြီး လက်ရှိမှာ အချို့ကို ပြန်လည်ပြုပြင်ပြီးဖြစ်၍ ဓာတ်အားဖြန့်ဖြူး ပေးထားနိုင်ပြီဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရပါတယ်။

ကလောမြို့အတွင်း ရေကြီးရေလျှံမှုကြောင့် ပြိုလဲပျက်စီးခဲ့တဲ့ ၁၁ ကေဗွီ၊ ၄၀၀ ဗို့ ဓာတ်အားလိုင်းများနှင့် ဓာတ်အားလွှတ်ပစ္စည်းများ ပြန်လည်ပြုပြင်တည်ဆောက်ပြီးစီး၍ ဓာတ်အားပြန်လည် ပို့လွှတ်ဖြန့်ဖြူးပေးထားနိုင်ပြီး ဓာတ်အားလိုင်းများ ရေရှည်အသုံးပြုနိုင်ရေး လိုအပ်တဲ့ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆက်လက်လုပ်ဆောင် နေတယ်လို့ သိရပါတယ်။

ကလောပင်မဓာတ်အားခွဲရုံတွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဓာတ်အားခွဲရုံ Switch Yard ခြံစည်းရိုးအုတ်တံတိုင်း၊ ရေမြောင်းနှင့် မြေတားနံရံများ ပျက်စီးခဲ့မှုအား ပြန်လည်ပြုပြင်ပြီး Switch Yard အတွင်း လက်ရှိ ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ၏ ဝန်အားထိန်းညှိ၍ ဓာတ်အားဖြန့်ဖြူးခြင်းကို ပြန်လည် ဆောင်ရွက်ပေးလျက်ရှိပါတယ်။

ကလောမြို့ ၃၃ ကေဗွီ ‌ရေပေါင်းဆုံ(ပြည်ညောင်)-နမ့်ပန်တက် ဓာတ်အားလိုင်းရှိ ဓာတ်အားဖြန့်ဖြူးရေးတိုင် ၁၄၄ တိုင်ရေတိုက်စားပြီး ယိုင်လဲပျက်စီးခဲ့မှုနှင့် ပြန်လည်ပြုပြင်ခြင်းများဆောင်ရွက်လျက်ရှိပြီး ဓာတ်အားဖြန့်ဖြူးမှုကို မူလအခြေအနေအတိုင်း အမြန်ပြန်လည်ဖြန့်ဖြူးနိုင်ရေး ပြုပြင်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် လုပ်ငန်းပြီးစီးမှု များကို စနစ်တကျမှတ်တမ်းတင်၍ စာရင်းပြုစုထားရန် ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း က ဓာတ်အားလိုင်းများ ပြုပြင်လုပ်ငန်းများအား လှည့်လည်ကြည့်ရှုစဉ် မှာကြားခဲ့ပါတယ်။

ဒါ့အပြင် တောင်ကြီးမြို့ရှိ ၁၃၂ ကေဗွီ တောင်ကြီး ပင်မဓာတ်အားခွဲရုံ ပင်မဓာတ်အားလိုင်းများရဲ့ တာဝါတိုင် ဖောင်ဒေးရှင်းလုပ်ငန်းများနှင့် ဆက်စပ်ပစ္စည်းများတည်ဆောက်ခြင်း လုပ်ငန်းများကို အရည်အသွေး စံချိန်စံညွှန်း ပြည့်မီအောင်နှင့် သတ်မှတ်ချိန်အတွင်းပြီးစီးရေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

#PAN