ယခုအပတ် စားအုန်းဆီဈေးနှုန်းတစ်ပိဿာ ၆၃၅၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ


(ပြည်တွင်) အောက်တိုဘာ ၁၄

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ် တင်ပိုသည့် နိုင်ငံများတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပိုဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန် ပေးလျက်ရှိသည်။

ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပိုသည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ယခုအပတ် (၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်မှ အောက်တိုဘာ ၂၀ ရက်အထိ)ရန်ကုန်အထိုင်ဈေးအခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ၆၃၅၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၆ ရက်နေ့အထိ ထုတ်ပြန်သတ်မှတ်ခဲ့သည့် တစ်ပိဿာ လက်ကားရည်ညွှန်းစျေးနှုန်းမှာ ၆၇၂၀ ကျပ်၊ အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်အထိ ရည်ညွှန်းစျေးနှုန်းမှာ ၆၄၅၅ ကျပ်နှင့် အောက်တိုဘာ ၁၄ ရက်မှ ၂၀ ရက်အထိ ရည်ညွှန်း စျေးနှုန်းမှာ ၆၃၅၅ ကျပ်ဖြစ်သည့်အတွက် ရည်ညွှန်းဈေးနှုန်းမှာ နှစ်ပတ်ဆက်တိုက်ကျဆင်းလာခဲ့ကြောင်း တွေ့ရသည်။

ပြည်တွင်းဈေးကွက်အတွင်း ပြည်သူလူထုအတွက် ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးပေးရန် ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း အပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm ၊ Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN