အင်အားကြီးနိုင်ငံများက နျူကလီးယားဖြင့်ဟန့်တားမှုကို မဟာဗျူဟာ၏ ကျောရိုးအဖြစ် ထည့်သွင်းစဉ်းစားထားဆဲဖြစ်ဟုဆို


(နိုင်ငံတကာ) အောက်တိုဘာ ၁‌၃

နျူကလီးယားလက်နက်ပိုင်ဆိုင်ထားသော အင်အားကြီးနိုင်ငံများသည် နျူကလီးယားဖြင့်ဟန့်တားမှုကို မဟာဗျူဟာ၏ ‌ကျောရိုးအဖြစ်ထည့်သွင်းစဉ်းစားထားဆဲဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များက ပြောသည်။

ငြိမ်းချမ်းရေးဆိုင်ရာနိုဘယ်ဆု ချီးမြှင့်ရေးကော်မတီက ကမ္ဘာ့နိုင်ငံများအနေဖြင့် နျူကလီးယားဖြင့် တိုက်ခိုက်မှုမလုပ်ရဟူသော တားမြစ်ချက်အပေါ်လိုက်နာမှု အားနည်းလာသည့်အပေါ် သတိပေးတိုက်တွန်းပြီးနောက် ပညာရှင်များ၏ပြောဆိုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

၁၉၄၅ ခုနှစ်တွင် အမေရိကန်က ဂျပန်နိုင်ငံရှိ ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့တို့ကို နျူကလီးယားဗုံးဖြင့် တိုက်ခိုက်ပြီးနောက်ပိုင်းတွင် မည်သည့်နိုင်ငံကမျှ ထိုဗုံးကိုစစ်ပွဲ၌ အသုံးပြုခြင်းမရှိတော့သော်လည်း ထိုလက်နက် ကိုပိုင်ဆိုင်သည့် နိုင်ငံများအရေအတွက်က မြင့်တက်လာနေသည်။

နျူကလီးယားဖြင့်ဟန့်တားမှုဆိုသည်မှာ နိုင်ငံများသည် ထိုလက်နက်များထည့်သွင်းထားသည့် ကတုတ်ကျင်းများ အခိုင်အမာဆောက်ထားသည်နှင့်သဏ္ဌာန်တူကြောင်း နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦးဖြစ်သည့် ဘရူနိုတားထရေ့ ကပြောသည်။

လက်ရှိအချိန်တွင် နျူကလီးယားလက်နက်များကို ပိုင်ဆိုင်ထားသော နိုင်ငံများမှာ အမေရိကန်၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့်မြောက်ကိုရီးယား တို့ဖြစ်သည်။

အစ္စရေးနိုင်ငံသည်လည်း ထိုလက်နက်ကို ပိုင်ဆိုင်ထားသည်ဟု ယူဆရသော်လည်း ယနေ့အချိန်အထိ တရားဝင်ထုတ်ဖော်ပြသခြင်း မရှိသေးကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN