ယခုနှစ် ငြိမ်းချမ်းရေးနိုဗယ်ဆုကို ဂျပန်အခြေစိုက် နီဟွန်ဟီဒန်ကျိုအဖွဲ့ရရှိ


(နိုင်ငံတကာ) အောက်တိုဘာ ၁၂

ယခုနှစ်ငြိမ်းချမ်း‌ရေးနိုဗယ်ဆုကို ဂျပန်နိုင်ငံအခြေစိုက် နျူကလီးယားလက်နက် ဖျက်သိမ်းရေးလှုပ်ရှားမှု အဖွဲ့အစည်းဖြစ်သည့် နီဟွန်ဟီဒန်ကျိုအမည်ရှိ အဖွဲ့အစည်းက ရရှိခဲ့ကြောင်း သိရသည်။

နျူကလီးယားလက်နက်ကင်းစင်သည့် ကမ္ဘာကြီးဖြစ်လာစေရန် တစိုက်မတ်မတ် ကြိုးစားခဲ့သည့်အတွက် နီဟွန်ဟီဒန်ကျိုကို ယခုနှစ်ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်အဖြစ် ရွေးချယ်ခဲ့‌ကြောင်း နော်ဝေနိုဗယ်ဆု ရွေးချယ်ရေး ကော်မတီက သတင်းထုတ်ပြန်ထားသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာအရ စစ်‌ရေးပဋိပက္ခများ ဖြစ်ပွားနေချိန်တွင် နျူကလီးယားလက်နက် ဖျက်သိမ်းရေး အဖွဲ့အစည်းဖြစ်သော နီဟွန်ဟီဒန်ကျိုအဖွဲ့ကို နော်ဝေနိုဗယ်ဆုရွေးချယ်ရေးကော်မတီက ယခုနှစ် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

၁၉၅၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော နီဟွန်ဟီဒန်ကျိုအဖွဲ့သည် ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့များ ဒုတိယ ကမ္ဘာစစ်အတွင်း နျူကလီးယားဗုံးများနှင့် ကြဲချတိုက်ခိုက်ရခံခဲ့ရစဉ်က အသက်ရှင်လွတ်မြောက်ခဲ့သူများဖြင့်ဖွဲ့စည်းခဲ့သော အဖွဲ့အစည်းဖြစ်သည်။

ယခုနှစ်ငြိမ်းချမ်းရေးနိုဗယ်ဆုကို ရရှိခဲ့သည့်အတွက် နီဟွန်ဟီဒန်ကျိုအဖွဲ့သည် ဆွီဒင်ကရောင်းငွေ ၁၁ သန်း(အမေရိကန်ဒေါ်လာတစ်သန်း)ခန့် ရရှိမည်ဖြစ်သည်။

ငြိမ်းချမ်းရေးနိုဗယ်ဆု ချီးမြှင့်ပွဲကို ယခုနှစ်ဒီဇင်ဘာလ ၁၀ ရက်တွင် နော်ဝေနိုင်ငံ၊ အော့စလိုမြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN