(ဆောင်းပါး) စက်တင်ဘာ ၁၁
ဒေါက်တာမောင်သင်း (ယမန်နေ့မှအဆက်)
နိုင်ငံ၏ အချုပ်အခြာအာဏာတည်မြဲမှုက အနှစ်ပါ၊ ဝါဒက အကာအဆင့်သာ
အထက်ပါ “နိုင်ငံ၏ အချုပ်အခြာအာဏာ တည်မြဲမှုကအနှစ်၊ ဘယ်ဝါဒမဆိုအကာ” ဟူသည့် အချက်ကို “ငါနိုင်ငံရေးသမား” ဆိုသူတိုင်းနှင့် နိုင်ငံသားအားလုံး မဖြစ်မနေ သိထားခံယူထားရန် လိုသည်။ မသိလျှင် အဆိုပါခံယူချက်ကင်းသူသည် နိုင်ငံရေးသမားမဟုတ်။ မသိလျှင် နိုင်ငံသားတိုင်း သိအောင် ပညာရေးက မဖြစ်မနေသင်ကြားပေးရမည်။ ခေတ်သစ်သမိုင်းတွင် တိုက်ယူ၍ရသော လွတ်လပ်ရေးမဟုတ်၍ လွတ်လပ်ရေးအစစ်မဟုတ်ဟုဆိုကာ မြန်မာ့လွတ်လပ်ရေးကို အသိအမှတ်မပြုဘဲ ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုသွားခဲ့ကြခြင်းဖြစ်ပေသည်။
၁၉၅၅ ခုနှစ်တွင် ရုရှားနိုင်ငံခေါင်းဆောင်များဖြစ်ကြသည့် ဘူဂါနင်နှင့် ကရူးရှက်တို့ မြန်မာပြည်လာလည်သောအခါမှပင် “တို့နိုင်ငံက ကွန်မြူနစ်တွေကသာ အသိအမှတ်မပြုတာ၊ ကမ္ဘာ့ကွန်မြူနစ်ကြီးကတော့ အသိအမှတ်ပြုလို့ လာလည်သွားပြီ” ဟု ဝန်ကြီးချုပ် ဦးနုက မှတ်ချက်ပြုခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်းက ပြည်တွင်းငြိမ်းချမ်းရေးဖိတ်ခေါ်ဆွေးနွေးစဉ်ကလည်း ဗမာပြည်ကွန်မြူနစ်ပါတီက “နိုင်ငံကို ကွန်မြူနစ်ဝါဒ” ဖြင့်သာ သွားလိုကြောင်း တင်းခံနေ၍ ငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်ခဲ့ကြသည်။
လွတ်လပ်ရေးတိုက်ပွဲဝင်စဉ်က အတူလက်တွဲခဲ့ကြသည်။ လွတ်လပ်ရေးရပြီးနောက် တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေပြင်ပမှ နိုင်ငံ့အချုပ်အခြာအာဏာ ယိုင်နဲ့အောင် အချင်းချင်း တိုက်ခိုက်နေကြသည်။ ကွန်မြူနစ်ဝါဒကောင်းကြောင်း၊ “လက်ဝဲဝါဒ လွှမ်းမိုးလျှင် အမှန်အကျိုးများမည်” ဟု ယုံကြည်၍ ဖြစ်သည်။
ဗမာပြည်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်ကြီးများဖြစ်ကြသည့် သခင်စိုး၊ သခင်သန်းထွန်း၊ ဗိုလ်ဇေယျ၊ သခင်ဇင်၊ သခင်ချစ် စသူတို့သည် လူတော်ကြီးများ ဖြစ်ကြသည်။ ဂျပန်ကို တော်လှန်ရန် စတင်ဦးဆောင်သူမှာ သခင်စိုးဖြစ်သည်။ သခင်စိုးနှင့် သခင်သန်းထွန်းတို့မှာ မြန်မာ့သမိုင်းတွင် ကွန်မြူနစ်ဝါဒကို အလွန်ကျွမ်းကျင်ကြသူများ၊ ကျေညက်သူများဖြစ်ကြသည်။ ကွန်မြူနစ်နိုင်ငံ ထူထောင်၍ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေလိုသည်။ နိုင်ငံနှင့် လူ့အဖွဲ့အစည်းအပေါ် စေတနာအလွန် ကြီးမားကြသည်။ သို့သော် ကွန်မြူနစ်ဝါဒဖြင့် နိုင်ငံထူထောင်ခွင့်မရသောအခါ နိုင်ငံ့အချုပ်အခြာအာဏာကို ယိုင်နဲ့သွားအောင်၊ ပြည်သူတွေ မငြိမ်းချမ်းအောင် လက်နက်စွဲကိုင်တော်လှန်ပုန်ကန် ကြတော့သည်။ ဝါဒအထက်က ဘာမှမရှိ၊ ဝါဒသည်သာ ကိုးကွယ်ရာဟု ထင်လာကြသည်။
သူတို့မေ့နေကြသည့်အချက်မှာ “ဝါဒကြောင့် နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းဖွံ့ဖြိုးရေးကို မထိခိုက်ရ၊ ပြည်သူမနစ်နာရ၊ ပြည်သူပျက်စီးရန်မဟုတ်၊ ဝါဒသည် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် ပြည်သူနှင့် နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် အထောက်အပံ့သာဖြစ်စေရမည်” ဆိုသည့် အချက်ပင်ဖြစ်ပါ သည်။ တစ်ချိန်က နိုင်ငံတော်အတွက် ထိပ်တန်းမှ အားကိုးရလောက်အောင် တော်ကြသူများ၊ လွတ်လပ်ရေးတိုက်ပွဲဝင် ခေါင်းဆောင်များ ဖြစ်ကြသော်ငြားလည်း ဗမာပြည်ကွန်မြူနစ်တို့ရဲ့ စကားအရ “ဝါဒမှိုင်းအဆိပ်သင့်”ကာ နိုင်ငံနှင့် ပြည်သူကို ဖျက်ဆီးသည့် “လျော်သူ” များ ဖြစ်သွားကြပြီးလျှင် “မြန်မာ့သမိုင်းစာမျက်နှာတွင် အမည်းစက်ရေးထိုးသူများ” အဖြစ် မှတ်တမ်းတင်ခြင်းကို ခံကြရသည်။
တော်သော်လည်း ဝါဒမှိုင်းမိလျှင် တိုင်းဖျက်ပြည်ဆူဘဝရောက်နိုင်ကြောင်း သမိုင်းသင်ခန်းစာထားခဲ့ပေသည်။ လွတ်လပ်ရေးရပြီးကာလတွင် ရောင်စုံသူပုန်ထရခြင်းမှာ လက်ဝဲစာပေ တစ်ဖက်စောင်းနင်းထုတ်ဝေမှုကြောင့် ပြည်သူများ စာပေအဆိပ်သင့်၍ ဖြစ်ပေါ်လာရသည့် နိုင်ငံရေးကျိန်စာဟု ပညာရှင်တချို့က ရှုမြင်သုံးသပ်ကြသည်။
ဒီမိုကရေစီတံခါး မြန်မာပြည်မှာဖွင့်တာ စောခဲ့လေရော့သလား
ယနေ့ကမ္ဘာတစ်လွှားတွင် အထူးသဖြင့် အာဏာရှင်နိုင်ငံဟု စွပ်စွဲခံရ၍ “အာရပ်နွေဦး ဒီမိုကရေစီလှုပ်ရှားမှု” ဟူ၍ ပေါ်ပေါက်ခဲ့သည်။ ဒီမိုကရေစီကို အနောက်နိုင်ငံအတိုင်း ပုံတူကူးချ၍မရပေ။ မိမိလူ့အဖွဲ့အစည်း၊ ယဉ်ကျေးမှု၊ စီးပွားရေး ဖွံ့ဖြိုးမှုနှင့် လိုက်လျောညီထွေစွာ ကျင့်သုံးနိုင်ရပေမည်။ ကမ္ဘာ၏ ဘယ်နေရာရောက်ရောက် ယင်းကို လူ့အဖွဲ့အစည်းငြိမ်းချမ်းရန်၊ သာယာရန်၊ ဖွံ့ဖြိုးရန်အတွက်ပါ။ ဒီမိုကရေစီလူ့အခွင့်အရေး၊ လစ်ဘရယ်စသည်တို့သည် လူ့အဖွဲ့အစည်းကို ဖျက်ဆီးရန် လက်ကိုင်တုတ်မဟုတ်တာတော့ သေချာသည်။ တကယ်တမ်း “အာရပ်နွေဦး ဒီမိုကရေစီလှုပ်ရှားမှု” ရလဒ်သည် နိုင်ငံ၏အချုပ်အခြာအာဏာပျက်သုဉ်းကာ မင်းမဲ့စရိုက်ဖြစ်လာသည်။ အုပ်ချုပ်ရေးအာဏာ ပျက်သုဉ်းလာသည်။ နှစ်ရှည်လများ တည်ဆောက်လာခဲ့သည့် အခြေခံအဆောက်အအုံများနှင့် အစားပြန်မရနိုင်သည့် ယဉ်ကျေးမှုအမွေအနှစ်များပါ အဆစ်ပါဝင်ခဲ့ပေသည်။
ဒီမိုကရေစီ၊ လစ်ဘရယ်နှင့် နိုင်ငံနှင့် လူ့အဖွဲ့အစည်းအေးချမ်းမှု၊ အချုပ်အခြာတည်မြဲမှု ဘယ်အရာက ပိုအရေးကြီးပါသလဲ။ ဒီမိုကရေစီ၊ လစ်ဘရယ်တို့က နိုင်ငံတစ်နိုင်ငံ၏ မူလအခြေခံ အနှစ်သာရများဖြစ်ကြသည့် လွတ်လပ်ရေး၊ နိုင်ငံ့နယ်နိမိတ်တည်တံ့ခိုင်မြဲရေး၊ နိုင်ငံ၏ အချုပ်အခြာအာဏာထက် ပိုအရေးကြီးသယောင် ယနေ့စာပေဝါဒဖြန့်သူများနှင့် မီဒီယာသမားများက အဆိပ်ကြဲ ဝါဒဖြန့်ဝေခဲ့သည်။ အာရပ်နွေဦးဒီမိုကရေစီလှုပ်ရှားမှုများမှ အထူးသဖြင့် အီရတ်၊ လစ်ဗျားနိုင်ငံတို့တွင် ပြည်သူများလည်း ဒုက္ခရောက်၊ နိုင်ငံ့အချုပ်အခြာအာဏာကလည်း ထိရောက်မှုမရှိတော့သဖြင့် ပြည်သူများ ကျီးလန့်စာစားနေရသည်။ စာပေနှင့် မီဒီယာအဆိပ်ကြောင့် အာရပ်နိုင်ငံသားပြည်သူတို့ နိုင်ငံရေးကျိန်စာသင့်မှုဒဏ်ကို ခံနေရလေပြီ။ ကျွန်တော်တို့မြန်မာနိုင်ငံသည်လည်း ထိုအဆိပ်မျိုး ခေတ်အဆက်ဆက် အကျွေးခံခဲ့ရသည်။ ကွန်မြူနစ်ဝါဒ မှေးမှိန်သွားပြီးနောက် ဒီမိုကရေစီ၊ လစ်ဘရယ်၊ လူ့အခွင့်အရေး၊ ကျားမတန်းတူစသည့် စကားလုံးတွေသုံး၍ အဆိပ်ကျွေးခံခဲ့ရသည်။
သို့သော် နိုင်ငံ၏ အချုပ်အခြာအာဏာတည်မြဲမှု ပြိုလဲစေရန် အဆိပ်ကျွေးနေကြောင်း ပြည်သူများကလည်း လုံးဝမရိပ်မိ၊ မသိခဲ့ကြပါ။ ကျွန်တော်တို့၏ ပညာရေးနိမ့်ခဲ့၍ ပြည်သူတို့ အသိဉာဏ်ဆင်းရဲခဲ့မှုကြောင့်ဖြစ်ပါသည်။ ဤသည်ကို အမျိုးသားကျောင်းအုပ်ဆရာကြီးဘဝမှ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် (ငြိမ်း) တက်လှမ်းသွားသူ မြန်မာ့သားကောင်း ဦးသန့်က “ဒီမိုကရေစီ စနစ်အောင်မြင်ရန် နိုင်ငံသားများသည် အသိဉာဏ်ပညာနှင့် ပြည့်စုံရမည်၊ အသိဉာဏ်ပညာချို့တဲ့ပါက ဒီမိုကရေစီသည် ဗရုတ်သုတ်ခကိုသာ ဖြစ်ပေါ်စေ လိမ့်မည်”ဟုဆိုခဲ့ပါသည်။
“ဒီမိုကရေစီစနစ်ကျင့်သုံးမှုတွင် ပညာရေး၏ အရေးပါမှု” ကို နှစ်ပေါင်း ၈၀ ခန့်ကပင် ကြိုတင်ဟောကိန်းထုတ်ခဲ့ပေသည်။ ဦးသန့်၏ ဟောကိန်းအတိုင်း ယနေ့မြန်မာပြည်သူများ ဗရုတ်သုတ်ခ ဒီမို ကရေစီဒဏ်ကို ခံစားနေရပေပြီ။ ဤသို့ဖြစ်ပေါ်ရခြင်းမှာ “နိုင်ငံသားများ အသိဉာဏ်ပညာရည် မြင့်မားမှုအဆင်သင့်မဖြစ်သေးသည့် မြန်မာ့မြေပေါ်မှာ ဒီမိုကရေစီကို ကျင့်သုံးစေမှု” ကြောင့်လားဟု တွေးမိပါသည်။ မြန်မာ့မြေမှာ “ဒီမိုကရေစီတံခါးဖွင့်တာ စောလွန်းလေသလား” ဟု မေးစရာဖြစ်လာပါသည်။ အကြောင်းမဲ့တော့မဟုတ်ပါ။ ယနေ့တရုတ် နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၏ ဖွံ့ဖြိုးမှုကိုကြည့်ပြီး အဆိုပါမေးခွန်းပေါ်ထွက်လာရခြင်း ဖြစ်ပါသည်။
ထို့အတူ အာရပ်နွေဦး ဒီမိုကရေစီလှုပ်ရှားမှုကြောင့် အာရပ်ပြည်သူများ ဗရုတ်သုတ်ခ ဒီမိုကရေစီဒဏ်ခံနေရမှုများကလည်း သက်သေခံနေပါသည်။ သူတို့ပြည်သူများ၏ အသိဉာဏ်ကလည်းနိမ့်နေသေးပါသည်။ တစ်နည်းအားဖြင့် အသိဉာဏ်ဆင်းရဲမှု၏ ရလဒ်ပါ။ ဒီမိုကရေစီကို ကျင့်သုံးလိုလျှင် ပထမခြေလှမ်းမှာ နိုင်ငံသားများ အသိဉာဏ်မြင့်မားလာအောင် ပညာရေးကိုမြှင့်တင်ပေးရပေမည်။ မြင့်မားသည့်ပညာရေးကသာ နိုင်ငံရေးကျိန်စာသင့်ပြီး နိုင်ငံနှင့် လူ့အဖွဲ့အစည်းပျက်စီးမှုကို ကာကွယ်နိုင်ပေလိမ့်မည်။ မြန်မာ့ဖွံ့ဖြိုးမှုကို ဆောင်ရွက်ပေးပေလိမ့်မည်။
ပညာရေးသည် နိုင်ငံ၏ အဓိက ကာကွယ်ရေးလုပ်ငန်းပါ
“တကယ်တော့ နိုင်ငံကာကွယ်ရေးတွင် လက်နက်ကိုင်တပ်ဖွဲ့များတွင် တာဝန်ရှိသလောက် ကျောင်းဆရာများမှာလည်း တာဝန်ရှိသည်။ ဤသည်မှာ ယဉ်ကျေးမှုမြင့်မားသော နိုင်ငံတို့၏ အစဉ်အလာဖြစ်ပေသည်” တဲ့။ ပြောကြားခဲ့သူက ၂၀ ရာစုတွေးခေါ်ပညာရှင်ကြီး “ဘာထရန် ရပ်ဆယ်”ပါ။ ပညာရေးကိုရှေ့တန်းက အကောင်အထည်ဖော်နေသူများမှာ ကျောင်းဆရာများပါ။ မြန်မာ့ဆရာများသည် လူ့အဖွဲ့အစည်းဝင် တပည့်မျိုးဆက်များကို “ဘေးရန်ဆီးကာ” ဆိုသည့် မြင့်မြတ်တာဝန်ကို ထမ်းဆောင်ခဲ့တာ နှစ်ပေါင်းထောင်ချီကြာခဲ့ပါပြီ။ နိုင်ငံကာကွယ်ရေးဟု ဆိုလိုက်လျှင် လက်နက်ကိုင်ကာကွယ်ရေးကို သာမန်အားဖြင့် မြင်နေကြသည်။ “လက်နက်ကိုင်၍ ကာကွယ်ခြင်း”သည် ဒုတိယအဆင့်ကာကွယ်ရေး လုပ်ငန်းစဉ်ဟု ဆိုချင်ပါသည်။
ပထမကာကွယ်ရေးခံကတုတ် ကျိုးပေါက်ခဲ့၍သာ “ဒုတိယကာကွယ်ရေးအဆင့်” ဆီ ရောက်ရှိလာတာပါ။ ပထမခံကတုတ်က “ပညာရေးရဲ့ကျောင်းများက စာသင်ခန်းတွေ”ပါ။ အဆိုပါစာသင်ခန်းများမှာ ဖော်ဆောင်နေရမည့် ကာကွယ်ရေးလုပ်ငန်းများမှာ လူသားတစ်ဦးချင်းမှသည် လူ့အဖွဲ့အစည်း တစ်ခုလုံးအား –
(က) အသိဉာဏ်ပညာဆင်းရဲမွဲတွေမှုကင်းဝေးစေပြီး အသိဉာဏ်ပညာမြင့်မားအောင် သင်ကြားပေး၍ ကာကွယ်ခြင်း၊
(ခ) လူ့အဖွဲ့အစည်းကို အန္တရာယ်ဖြစ်စေမည့် စိတ်ထားနိမ့်ကျမှုကို ပပျောက်စေပြီး လူ့အဖွဲ့အစည်းကောင်းကျိုးကို သယ်ပိုးသည့် မြင့်မြတ်စိတ်ထားများဖြစ်ထွန်းလာအောင် လေ့ကျင့်ပေး၍ ကာကွယ်ခြင်း၊
(ဂ) အကျင့်စာရိတ္တ ချွတ်ခြုံကျမှုမှ ကင်းဝေး၍ စာရိတ္တမဏ္ဍိုင်ပြည့်ဝသည့် နိုင်ငံသားများ ဖြစ်လာအောင် လေ့ကျင့်ပေး၍ ကာကွယ်ခြင်း၊
(ဃ) မြန်မာ့ယဉ်ကျေးမှု၊ ဓလေ့၊ ထုံးစံနှင့် ပျူငှာမှု စသည့်အမျိုးသားရေး “စံ” များ ပျက်သုဉ်းမှုမှ ကာကွယ်ထိန်းသိမ်းခြင်း၊
(င) အစွန်းရောက်မှုမြင့်မားခြင်းနှင့် တရားမျှတမှုကင်းမဲ့ခြင်းတို့ ပျောက်ကွယ်သွားအောင် သင်ကြား လေ့ကျင့်ပေး၍ ကာကွယ်ခြင်း၊ စသည်တို့ဖြစ်ပါသည်။
လူသားတိုင်းတွင် အထက်ပါအရည်အသွေးများ နိမ့်ကျမှုနှုန်းမြင့်မားလာလျှင် ဓမ္မနှင့် အဓမ္မ၊ ကောင်းမှု၊ ဆိုးမှု၊ တိုင်းဖျက်ပြည်ဆူလား၊ တိုင်းကျိုးပြည်ပြုလား ခွဲခြားနိုင်မှုကင်းဝေးကာ ပြောသမျှယုံ၊ မှိုင်းတိုက်သမျှ အဟုတ်ထင်၍ လူ့အဖွဲ့အစည်းပျက်စီးရာကို လုပ်ဆောင်လာကြတော့သည်။
ပညာရေးသည် နိမ့်ကျ၍မရ၊ မြင့်ကိုမြင့်မားမှသာဖြစ်ပေမည်။ မြင့်မားသည့်ပညာရေး၏ ကျောင်းစာသင်ခန်းများတွင် အထက်ပါတန်ဖိုးမြင့်လူသား၏ အရည်အသွေးများ တောက်ပလာအောင် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် လေ့ကျင့်ပေးနေရပါမည်။ တကယ်တော့ မည်သည့်လူသားကလေးငယ်မျှ မွေးကတည်းက လူ့အဖွဲ့အစည်းပျက်သုဉ်းရန်၊ တိုင်းဖျက် ပြည်ဆူရန်၊ တိုင်းကျိုး ပြည်ကျိုးသယ်ပိုးရန်ဟူ၍ မွေးဖွားလာခြင်းမဟုတ်ပါ။ သို့သော် ကြီးပြင်းလာသည့် ဘဝတစ်လျှောက်တွင် လေ့ကျင့်ခံရသည့်၊ ရရှိသည့်ပညာရေးကွာခြား၍ လူ့အရည်အသွေးအနိမ့်အမြင့် ဖြစ်ပေါ်လာပါသည်။
တကယ်တော့ “ပညာရေးသည် လူသားတိုင်းကို လူ့အဖွဲ့အစည်းပျက်သုဉ်းစေမည့် ဗီဇဆိုး၊ ဗီဇညံ့များ ပပျောက်သွားစေပြီး လူ့အဖွဲ့အစည်းကောင်းကျိုးကိုသယ်ပိုးစေမည့် ဗီဇကောင်းများ ပေါ်ထွက်လာ၊ ထက်မြက်သည်ထက် ပိုထက်မြက်လာအောင် လေ့ကျင့်ပေးခြင်း” ဖြစ်ပါသည်။ ပညာရေး၏ မူလအဓိပ္ပာယ်ကိုက Education (E = Out, Ducare = to lead, bring) ပါတဲ့။ လက်တင်စကားနှစ်လုံး(E+ ducare) ပေါင်းထားတာပါ။ “လူသား၏ မွေးရာပါ အရည်အသွေးကောင်းများ၊ ဗီဇကောင်း များကို ပိုမိုထက်မြက်လာအောင်၊ ပေါ်လွင်လာ အောင် ဆွဲထုတ်ခြင်း” လုပ်ငန်းသည် ပညာရေးဟု အဓိပ္ပာယ်ရပါသည်။
ထိုအဓိပ္ပာယ်ကို ဖော်ဆောင်၍ နိုင်ငံသားကောင်းစစ်စစ်၊ လူ့အဖွဲ့အစည်းကို အကျိုးပြုသည့် လူသားဖြစ်ထွန်းရန် လေ့ကျင့်ပေးနိုင်ပြီဆိုလျှင် မြင့်မားသည့်ပညာရေးဟု ခေါ်ဆိုနိုင်သည်။
မြန်မာ့သမိုင်းတွင် နဂါးနီစာအုပ်အသင်း၏ တော်လှန်ရေးနှင့် လက်ဝဲဝါဒတစ်ခုတည်းသာ ကောင်း၏ဟု စာပေအဆိပ်သင့်ဒဏ်ကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီသည် အချုပ်အခြာအာဏာကို ယိုင်နဲ့အောင်လုပ်ကာ တိုင်းပြည်ဖွံ့ဖြိုးမှုကို ရှေ့တန်းမှ နှောင့်ယှက်သည့်လုပ်ငန်းကိုလုပ်ရင်း ပြိုလဲသွားခဲ့သည်။ သူတို့လိုတော်သူများ ကောင်းခဲ့ပြီး နိုင်ငံတည်ဆောက်ရေးမှာ ပါဝင်လာခဲ့လျှင် နိုင်ငံသည် ငြိမ်းချမ်းဖွံ့ဖြိုးနိုင်၏။ ယခုလည်း ဒီမိုကရေစီ၊ လစ်ဘရယ်လူ့အခွင့်အရေးစကားလုံးများဖြင့် စာပေနှင့် မီဒီယာအဆိပ်သင့်ကာ “နိုင်ငံ့အချုပ်အခြာအာဏာပျက်သုဉ်းအောင်” ဆောင်ရွက်လာခဲ့သည်။ ဆောင်ရွက်နေကြဆဲဖြစ်ပေသည်။
မျက်မှောက်ကာလအခြေအနေသည် တိုင်းဖျက်ပြည်ဆူတို့ နည်းမျိုးစုံဖြင့်ခတ်သော “စာပေနှင့် မီဒီယာအဆိပ်သင့်သည့်ဒဏ်”ကို ပြည်သူများခံနေရခြင်းဖြစ်သည်ဟု မြင်မိပါသည်။ ပြည်သူများ “ဤကဲ့သို့အဆိပ်ခတ်ခံရခြင်း” ဟူသည်မှာ ဦးသန့်မိန့်ဆိုသကဲ့သို့ နိုင်ငံသားအများစုမှာ ပညာကိုယ်ခံအားနည်း၍ ဖြစ်ပါသည်။ ပြည်သူများ “ကိုယ်ပိုင် ဆုံးဖြတ်နိုင်မှု ပညာကိုယ်ခံအားနိမ့်ကျနေ” ၍ ဖြစ်ပေသည်။ တစ်နည်းအားဖြင့် “ဝေဖန်ပိုင်းခြားနိုင်မှုအားနည်းခြင်း၏ရလဒ်” ဖြစ်ပေသည်။ ထိုသို့မဖြစ်ရန် ပညာရေးက မဖြစ်မနေ လေ့ကျင့်ပေး ရပါလိမ့်မည်။
ဘရုခ် (Bruke) ဆိုသည့်ပညာရှင်ကလည်း “နိုင်ငံကာကွယ်ရေး၏ အဓိကလုပ်ငန်းသည် ပညာရေးပါ” တဲ့။ မြန်မာနိုင်ငံသားမည်သူမျှ စာပေ၊ မီဒီယာမှတစ်ဆင့် အဆိပ်သင့်ခြင်း မခံရလေအောင် ပညာရေးမြှင့်တင်ကာ ကာကွယ်တားဆီးရပါလိမ့်မည်။ နောင်တွင်လည်း ယနေ့ပေါ်ပေါက်ခဲ့သည့် ကွန်မြူနစ်ဝါဒ၊ ဒီမိုကရေစီ၊ တန်းတူညီမျှရေး၊ လူ့အခွင့်အရေးများကဲ့သို့ အသစ်အသစ်သော ဝါဒ၊ အယူအဆ၊ အတွေးအခေါ်များ ပေါ်ပေါက်လာပါလိမ့်ဦးမည်။ ယင်းတို့ကို စာပေနှင့် မီဒီယာများမှတစ်ဆင့် တိုင်းဖျက်ပြည်ဆူလုပ်လိုသူများက မြန်မာ့လူထုကို အဆိပ်ဆက်လက်၍ ခတ်ကြပေဦးမည်။ အဆိပ်ခတ်တိုင်း၊ မှိုင်းတိုက်တိုင်း မြင့်မားသည့် ပညာရေးက လေ့ကျင့်ပေးထားသည့် ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ ဉာဏ်ရည်ပြည့်ဝသည့် နိုင်ငံသားများသည် ဆရာကြီးဇော်ဂျီ၏ “သူ့အပြုံး” ကဗျာမှာ ရေးဖွဲ့ထားသကဲ့သို့ “ငါ့အားသင်ပေး၊ မယဉ်ကျေးသည့်၊ ဆဲရေးတိုင်းထွာ၊ ဆဲတစ်ရာကို ငါလက်မခံ” ဆိုသည့်အတိုင်း အဆိပ်ကျွေးနေသည်ကို အဆိပ်ကျွေးမှန်း သိကာ မှိုင်းတိုက်နေသည်ကို အဆိပ်ငွေ့မှန်းသိကာ လက်ခံကြလိမ့်မည်၊ ရှူကြလိမ့်မည်မဟုတ်ကြတော့ပေ။ မြင့်မားခိုင်ခံ့သည့် ပညာရေးတံတိုင်းက ကာကွယ်ထားပြီးဖြစ်နေပါသည်။
ထိုသို့ အသိဉာဏ်ကြွယ်ဝသည့် မြန်မာနိုင်ငံသားများဖြစ်ထွန်းရန် မြန်မာ့ပညာရေးသည် ယနေ့လို “စာမေးပွဲရမှတ်ပြိုင်ပွဲ” မှာ ပျော်မွေ့နေသည့် လမ်းကြောင်းမှခွဲထွက်၍ နိုင်ငံတကာမှာ ကျင့်သုံးနေသည့် “ဝေဖန်ပိုင်းခြားနိုင်မှု ရင့်သန်စေသည့်လမ်းကြောင်း” သို့ ဦးတည်လျှောက်လှမ်းရန် မလွဲမသွေလိုပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ယနေ့လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်နေသည့် ဒီမိုကရေစီဗရုတ်သုတ်ခဖြစ်မှုအပါအဝင် အခြားသောကောင်းမှု၊ ဆိုးမှုမှန်သမျှသည် လွန်ခဲ့သည့် နှစ် ၂၀ ကျော်ကာလက “စာမေးပွဲရမှတ်ပြိုင်မှု” လောက်သာ လေ့ကျင့်ပေးခဲ့ပြီး လူ့အဖွဲ့အစည်းတစ်ခုလုံး “တွေးခေါ်မြော်မြင်တတ်သည့် ဉာဏ်ရည်မြင့်မား စေမှုကို လေ့ကျင့်ပေးခြင်း အားနည်းခဲ့သည့် ပညာရေး၏ ရလဒ်” ပင်ဖြစ်သည်ဟု သုံးသပ်မိပါ သည်။
ကမ္ဘာတစ်လွှား၌ မြင့်မားသောပညာရေးကို ကျင့်သုံးနေသည့်နိုင်ငံများတွင် “နိုင်ငံရေး ကျိန်စာသင့်မှု” မရှိပေ။ အဘယ်ကြောင့်ဆိုသော် ပြည်သူများသည် ဝေဖန်ပိုင်းခြားနိုင်မှု ဉာဏ်ရည်မြင့်မားသောကြောင့်ဖြစ်ပေသည်။ ပညာရေးမြင့်လျှင် နိုင်ငံရေးကျိန်စာ တိုက်၍မရပါ။ ထို့ကြောင့် နိုင်ငံနှင့် လူ့အဖွဲ့အစည်းဖွံ့ဖြိုး၏။ ဤသည်ကို ပညာရေးမှာ တာဝန်ရှိသူများနှင့် နိုင်ငံသားများလည်း ကွင်းကွင်းကွက်ကွက်မြင်ကာ သတိပြုပြီး ပညာရေးကို မြှင့်တင်ပေးစေချင်ပါသည်။ သို့ပါ၍ “ကမ္ဘာ့အထွတ်အထိပ်သို့ ရောက်လိုလျှင် ပညာရေးကို မြှင့်တင်ခြင်းမှတစ်ပါး အခြားနည်းလမ်းမရှိပေ” ဆိုသည့် ရုရှားပညာရှင် “မာကာရင်ကို” ၏အဆိုကို ထောက်ခံရင်း မြန်မာများ ပညာရေးနိမ့်ကျမှုကြောင့် ကျွန်ဖြစ်ခဲ့ရခြင်း၊ ခေတ်သစ်ကိုလိုနီနယ်ချဲ့များက အဝေးထိန်းစနစ် ဖြင့် ယနေ့တိုင် ကျွန်ပြုလို၍ အဆိပ်ခတ်ခြင်းကို ခံနေခြင်းနှင့် နောင်တွင်စာပေနှင့် မီဒီယာအဆိပ်သင့်ခြင်းအပါအဝင် အမျိုးမျိုးသောပယောဂအပေါင်းကြောင့်၊ နိုင်ငံရေးကျိန်စာ သင့်ခြင်းကြောင့် နိုင်ငံဖွံ့ဖြိုးရေးနိမ့်ကျမှုအပေါင်းမှ ကင်းဝေးပြီး နိုင်ငံဖွံ့ဖြိုးရေးဆောင်ရွက်မှုနှုန်းကို မြှင့်တင်နိုင်စေရန် “နိုင်ငံတည်ငြိမ်အေးချမ်း ဖွံ့ဖြိုးမှုအစ၊ မြင့်မားသည့် ပညာရေးက” ဟု ယုံကြည်မိပါသဖြင့် မြန်မာ့ပညာရေးကို မြှင့်တင်ပေးနိုင်ကြပါရန် ကျောင်းဆရာ ကျွန်တော့်၏ “ပညာရေးဖြင့် နိုင်ငံဖွံ့ဖြိုးရေးအမြင်”ကို တင်ပြလိုက်ရပါသည်။ ။
Telegram»…
https://t.me/positiveanglenews