နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ၃ လောင်ပြိုင်လူသတ်မှု တရားခံများအား သေဒဏ်၊ ထောင်ဒဏ်များ အသီးသီးကျခံစေရန် တရားရုံးကအမိန့်ချမှတ်


(ပြည်တွင်း) အောက်တိုဘာ ၉

၂၀၂၄ ခုနှစ် ဩဂုတ် ၁၀ ရက်နေ့က နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ မြတ်လေးလမ်းတွင် နေထိုင်သော ဦးသန်းနိုင်ထွန်း၊ ဇနီးဖြစ်သူ ဒေါ်စောသန္တာဦးနှင့် သားဖြစ်သူ ရွှေအုပ်စိုးတို့မှာ နေအိမ်အတွင်း၌ ဒဏ်ရာများဖြင့် သွေးအိုင်ထဲတွင် လဲကျသေဆုံးနေပြီး ၎င်းတို့ကိုင်ဆောင်သည့် လက်ကိုင်ဖုန်း ၃ လုံးနှင့် မော်တော်ယာဉ် ၁ စီးတို့မှာလည်း ပျောက်ဆုံးနေသောအမှု ဖြစ်ပွားခဲ့နောက် ၃ ရက်အကြာတွင် တရားခံများအား ဖမ်းစီးရရှိခဲ့သည်။

အဆိုပါ အမှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဘုရားကုန်းမြို့မရဲစခန်း၌ အမှုဖွင့်လှစ်စုံစမ်းစစ်ဆေးခဲ့ပြီး တရားခံ ရဲထက်ကျော်(ခ)ကိုချစ်၊ ကျော်အေး(ခ)ပသိုင်း၊ ကျော်သူနှင့် နန်းကိုသူ(ခ)နန်းမောင်တို့ ၄ ဦးအပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၉၄/၃၄၊ ၂၀၁၊ ၂၀၂/၁၀၉ တို့ဖြင့် ဥတ္တရခရိုင်တရားရုံးသို့လည်းကောင်း၊ ကလေးသူငယ်တရားခံ ဖိုးလပြည့်(ခ)ဝင်းမင်းသူ(ခ)ဇော်ဇော် အပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၉၄/၃၄ တို့ဖြင့် ဥတ္တရသီရိမြို့နယ် တရားရုံးသိုလည်းကောင်း တရားစွဲတင်ပိုခဲ့ကြောင်း သိရသည်။

ထို့အမှုများကို ဥတ္တရခရိုင်တရားရုံးက ရာဇဝတ်ကြီးမှုအမှတ် ၃၃/၂၀၂၄ ဖြင့်လည်းကောင်း၊ ဥတ္တရသီရိမြို့နယ်တရားရုံးက ကလေးသူငယ် ရာဇဝတ်ကြီးမှုအမှတ် ၅/၂၀၂၄ ဖြင့်လည်းကောင်း လက်ခံစစ်ဆေးပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာ ၈ ရက်တွင် တရားခံ ရဲထက်ကျော်(ခ)ကိုချစ် အပေါ် ဦးသန်းနိုင်ထွန်းကို ကြိုတင်ကြံရွယ်ချက်ဖြင့် သတ်ဖြတ်ခဲ့ပြီး သေစေသည့်အတွက် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁) (ခ) အရ သေဒဏ်၊ ဒေါ်စောသန္တာဦးကို ကြိုတင်ကြံရွယ်ချက်ဖြင့် သတ်ဖြတ်ပြီး သေစေသည့် အတွက် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ခ) အရ သေဒဏ်၊ ရွှေအုပ်စိုးကို ကြိုတင်ကြံရွယ်ချက်ဖြင့် သတ်ဖြတ်ပြီး သေစေသည့်အတွက် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁)(ခ) အရ သေဒဏ်နှင့် ရာဇသတ်ကြီးပုဒ်မ ၃၉၄ အရ ထောင်ဒဏ် (၂၀)နှစ်၊ တရားခံ နန်းကိုသူ(ခ)နန်းမောင် အပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ခ)/၁၀၉ အရ သေဒဏ်နှင့် ရာဇသတ်ကြီးပုဒ်မ ၃၉၄/၁၀၉ အရ ထောင်ဒဏ်(၁၀)နှစ်၊ တရားခံကျော်အေး(ခ)ပသိုင်းအပေါ် ရာဇသတ်ကြီးပုဒ်မ ၂၀၁ အရ အလုပ်နှင့် ထောင်ဒဏ် (၇)နှစ်နှင့် ရာဇသတ်ကြီးပုဒ်မ ၂၀၂ အရ အလုပ်နှင့်ထောင်ဒဏ် (၆)လ၊ တရားခံ ကျော်သူအပေါ် ရာဇသတ်ကြီးပုဒ်မ ၂၀၂ အရ အလုပ်နှင့်ထောင်ဒဏ်(၆)လ အသီးသီးကျခံ စေရန် ဥတ္တရခရိုင်တရားရုံးမှလည်းကောင်း၊ ကလေးသူငယ်တရားခံ ဖိုးလပြည့်(ခ)ဝင်းမင်းသူ(ခ)ဇော်ဇော် အပေါ် ဦးသန်းနိုင်ထွန်း၊ ဒေါ်စောသန္တာဦး၊ ရွှေအုပ်စိုးတို့ကို သေစေသည့်အတွက် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁) (ခ) အရ ထောင်ဒဏ် (၇)နှစ်စီ ချမှတ်သော ပြစ်ဒဏ် (၃)ရပ်ကို တစ်ပြိုင်တည်း ကျခံစေရန်နှင့် ရာဇသတ်ကြီးပုဒ်မ ၃၉၄ အရ ထောင်ဒဏ် (၃)နှစ်ကို သီးခြားကျခံစေရန် ဥတ္တရသီရိမြို့နယ် တရားရုံးမှလည်းကောင်း အသီးသီး အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN